Monday, October 3, 2011

ဝထ္ထုများ

သူတို့ရပ်ကွက်သူတို့အကြောင်း (၅)

သူတို့ရပ်ကွက်သူတို့အကြောင်း (၅)
ဦးမောင်ဝမ်းက သူ့မိန်းမ၏ နှုတ်ကြမ်းအာကြမ်းသောစရိုက်ကို လက်ရည်တူမိအောင် မလိုက်နိုင်သော်လည်း (ချက်အရက်က လေးတစ်ပိုင်းလောက်မျိုထားပြီးလျှင်တော့) သူလည်းခေသူမဟုတ် ကြောင်း အစွမ်းအစလေးပြတတ်သည်။
မူးလာလျှင် ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်ချင်သလိုလို ဒီလူ့ကိုစိန်ခေါ်ချင်သလိုလို။ တကယ်တော့ ဦးမောင်ဝမ်း၏ ရောဂါက သူ့ကိုယ်သူ လူမိုက်ဘွဲ့တပ်ြ့ပီး အခေါ်ခံချင်နေခြင်းပင် ဖြစ်၏။
အဲသည်အချိန်ကာလတုန်းကလည်း ကျွန်တော်တို့နေထိုင်သော ရပ်ကွက်ကလေးသည် နည်းနည်းတောဆန်သော စရိုက် မပျောက်သေးသောကြောင့် ဘာအစွမ်းအစမှ မရှိသော ယောက်ျားဖျင်းတစ်ချို့ က ‘ လူမိုက်’ ဖြစ်ရခြင်းကို ဂုဏ်ရှိသလိုလို ဘာလိုလို တလွဲဆံပင်ကောင်းအထင်ခံချင်ကြ၏။
အဲဒီလိုအထင်ခံချင်သည့် လူတွေထဲတွင် ဦးမောင်ဝမ်းလည်းပါသည်။ တကယ်လည်း မမိုက်ရဲသောကြောင့် အရက်ကလေး တစ်ငုံနှစ်ငုံ မျိုပြီးမှ မိုက်ဇာတ်ခင်းပြရသည်က သူ့အတွက်အလုပ်ကြီး အကိုင်ကြီး တစ်ခုဖြစ်၏။
ဟုတ်မဟုတ်တော့မသိ၊ သူငယ်ငယ်တုန်းက ‘ ဗန်တို’ သိုင်းပညာသင်ဖူးသည်ဆိုပြီး ရပ်ကွက်ထဲတွင် အသားလွတ် လျှောက်ကြွားသည်။ အဲဒီခေတ်က ရုပ်ရှင်မင်းသား အကယ်ဒမီညွှန့်ဝင်း၏ ‘ဗန်တိုလူလေးနှင့်သူဇာ’ ရုပ်ရှင်ဇာတ်ကားကလည်း အရမ်း ‘ ပေါက် ’ နေသည့်အချိန် . . . ။
ဦးမောင်ဝမ်းတစ်ယောက် သူ့နံမည်ရှေ့တွင် ‘ ဗန်တို ’ တပ်ပြီး အခေါ်ခံချင်စိတ်တွေက ထိမ်းမရသိမ်းမရ ဖြစ်လာ၏။ သူဗန်တို သင်ဖူးကြောင်း အိမ်ပေါက်စေ့လည်ပြီး ထပ်ခါတလဲလဲ စောင်းပါးရိပ်ချည် ပြောသော်လည်း ရပ်ကွက်ထဲမှ လူတွေက သူ့ကို ‘ ဗန်တိုမောင်ဝမ်း ’ ဟုပြောင်းခေါ်ပေးဖို့ အလိုက်တသိ နားမလည်ကြ၊ အထာမပေါက်ကြ။
နောက်ဆုံးတော့ ဦးမောင်ဝမ်းတစ်ယောက် သူ့ဖာသာသူပင် အကြံအဖန်လုပ်ရတော့သည်။ ရပ်ကွက်ထဲမှ ကလေးများကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး စည်းရုံးသည်။
“ မင်းတို့ မုန့်ဖိုးဆယ်ပြား မလိုချင်ကြဘူးလား ”
“ လိုချင်တာပေါ့ . .. ဦးလေးရဲ့ ”
အဲဒီခေတ်တုန်းက ဆယ်ပြားဆိုသည်မှာ ကလေးတစ်ယောက် အတွက် သကြားလုံး၊ ဆီးထုပ်၊ စာကလေးခွေလိုမျိုး မုန့်တစ်ခုခု ၀ယ်စားနိုင်လောက်သည်။
ထို့ကြောင့် ဦးမောင်ဝမ်းက ကလေးပရိသတ်ကို ဆယ်ပြားဖြင့်စတင် ဆွဲဆောင်ဖြင်းဖြစ်၏။ ဒီအတိုင်းဆိုတော့ သူ့နာမည် တန်ဖိုး သည် ကြမ်းခင်းဈေး ဆယ်ပြား တန်သည် ဟုပင်ပြောရမလိုဖြစ်နေသည်။
ဦးမောင်ဝမ်း ကတော့ ရဲရင့်ပြတ်သား စွာဖြင့်ပင်
“ ဒါဆို . . .မင်းတို့ ငါ့နာမည်ကို ‘ ဗန်တိုမောင်ဝမ်း ’ လို့ခေါ်ရမယ်။ ခေါ်တဲ့သူကို မုန့်ဖိုးဆယ်ပြားပေးမယ် ”
“ ခေါ်မယ် . . .ခေါ်မယ် . . . ”
ရပ်ကွက်ထဲရှိကလေးထုကြီးက တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။
သို့သော် . . .
ခက်နေသည်က . . . ကလေးတွေအဖို့ ‘ ဗန်တို’ ဟူသော ဝေါဟာရက နားစိမ်းနေသည်။ သိပ်မခေါ်တတ်။ ပြီးတော့ . . .ဗန်တိုဆိုသည်မှာ သိုင်းပညာရပ် တစ်ခု၏ အမည်ဖြစ်သည်ဆိုခြင်းကို လည်း ဒီလို ဘုစုခရုလေးတွေအဖို့ အဘယ်မှာ နားလည်ပါမည်နည်း။
သူတို့အဖို့တော့ မုန့်ဖိုးဆယ်ပြားသာလျှင် အဓိက . . .။
ဒီတော့ သူတို့ခေါ်တတ်သလိုသာ ခေါ်ကြသည်။
. . . ‘ ဗုံတိုမောင်ဝမ်း ’ တဲ့။
လွဲတော့ အတော်လွဲသည်။ ရပ်ကွက်ထဲက လူတွေကလည်း ကလေးတွေခေါ်သလို ဘုမသိ ဘမသိ လိုက်ခေါ်ရာမှ ဦးမောင်ဝမ်းတစ်ယောက် ‘ ဗန်တိုမောင်ဝမ်း ’ ဟူသော နာမည်တွင်သွားတော့သည်။
ရပ်ကွက်ထဲသို့ အသစ်ပြောင်းလာကြသာများကလည်း
“ သြော် . . .ဒီလူကြီးဟာ တစ်ခ်ျိန်တစ်ခါတုန်းက ဆိုင်းဝိုင်းတွေ ဒိုးပတ်တွေမှာ ဗုံတို တီးတဲ့လူမို့လို့ထင်ပါရဲ့လေ၊ ဂီတ သမားကြီးပဲကိုး ” . . .ဟုအောက်မေ့သွားကြ၏။
ဦးမောင်ဝမ်းတစ်ယောက် ခွကျလေပြီ။
လူမိုက်ဆန်အောင် နာမည်ပေးကာမှ ‘ ဗုံတီးသည့်လူ ’ ဟုအထင်ခံလေတော့သည်ကိုး။ နာမည်ကလည်း ‘ တွင်’ ပြီးသွားပြီ။ ဘာမှလုပ်မရတော့။
ဒီကြားထဲ အဲသည် နာမည်ကို သူမကြိုက်မှန်းသိသောကြောင့် ကျွန်တော်တို့ အဖွဲ့ကလည်း တမင်တကာ စကားမစပ်စပ် အောင် ရှာကြံပြီး အစဖေါ်ပေးတတ်သည်။
တစ်ချို့သော ညနေရီဝေချိန်များတွင် ဦးမောင်ဝမ်းတစ်ယောက် ခပ်ထွေထွေနှင့်လမ်းပေါ်ယိုင်ထိုးလျှောက်ရင်း
“ ဟေ့ . . . ဘယ်ကောင်မှဂရုမစိုက်ဘူးကွ၊ မင်းတို့ထက်မိုက်လို့သောက်တာ၊ မကျေနပ်တဲ့ကောင်ရှိရင် ထွက်ခဲ့စမ်းကွာ ”
ဘာညာနှင့်ဝုန်းဒိုင်း ကြဲနေပြီဆိုလျှင် ကျွန်တော်တို့က သူ့ကိုချော့သလိုလို ထိန်းသလိုလိုနှင့် . . .
“ သည်းခံပါ . . .ဦးမောင်ဝမ်းရယ်၊ ရပ်ကွက်ထဲက လူတွေနဲ့ဖက်ပြီး ရန်မဖြစ်ချင်စမ်းပါနဲ့။ ကိုယ်က နာမည်တစ်လုံးနဲ့နေတဲ့ သူမဟုတ်လား။ နှယ်နှယ်ရရမှမဟုတ်တာဗျာ . . . ဗုံတိုမောင်ဝမ်းဆိုတာ . . .”
သူစိတ်ကသိကအောက်ဖြစ်စရာ နာမည်ကြီးကို သတိမရရအောင် ကျွန်တော်တို့က အစဖေါ်ပေးကြသည်။
အဲဒီအခါမျိုးကျလျှင် ကျွန်တော်တို့ကို သူသိပ်မကြည်။ မျက်ထောင့်နီကြီးဖြင့် ကြည့်တတ်၏။ ကျွန်တော်တို့ကို သူပြဿနာရှာချင်မှန်းလည်း ကျွန်တော်တို့ ကရိပ်မိကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကလည်း မထိတထိ ဖြစ်သည်ဆိုရရုံ ကလေး နောက်ကြပြောင်ကြ၏။
အဲသည်လောက် သတိထားနေသည့်ကြားကမှ ကျွန်တော်တို့၏ ထုံပေပေကြောင်တောင်တောင်ဇာတ်လိုက် ကလေး မောင်စိန်မြင့်နှင့် ဦးမောင်ဝမ်းတို့ အရှုပ်အရှုပ်ချင်းငြိကြလေတော့သည်။
တစ်နေ့ . . . ဦးမောင်ဝမ်းတစ်ယောက် သူ့အိမ်ရှေ့လမ်းမပေါ်တွင် ထန်းပလပ် ပက်လက်ကုလားထိုင် တစ်လုံးချကာ ထိုင်ရင်း သူ၏ ရင်နှစ်သည်းချာ မျောက်လောင်းကလေးများကို မုန့်ဖိုးပေးကာ ဆံပင်ဖြူနုတ်ခိုင်းသည်။
ကလေးတွေက တစ်ဖက်အိမ်မှ ဒေါ်ဟာစီးနား၏ သားသမီးများနှင့်အပြိုင်ဆော့နေရချိန် ဖြစ်သောကြောင့် သူတို့၏ ကျေးဇူးရှင် မွေးသဖခင်အိုကြီး၏ ဆံပင်ဖြူရှင်းလင်းရေးကို လုံးဝစိတ်မ၀င်စား။
ဆံပင်အမည်းတွေကိုပါ နှုတ်သည့်အခါနှုတ်သည်။ ရံဖန်ရံခါ မှာလည်း သုံးလေးပင်ပူးကယ ‘ ဗြုတ် ’ ခနဲမြည်အောင် ဆော့ဆွဲ ကြ၏။ ဦးမောင်ဝမ်းခမျာမှာတော့
“ အားလားလား . .၊ အား . . .၊ သေပါပြီ . . .”
“ ဗြုတ် . . .”
“ အောင်မလေး . . .ဖြေးဖြေးလုပ်ပါဟ ”
“ ဗြုတ် . . . ”
“ အား . . .ကျွတ် . . .ကျွတ် . . .ကျွတ် ”
ဆံပင်တွေကို အဆုပ်လိုက် အဆုပ်လိုက် ဆွဲဆောင့်နှုတ်ယူခြင်းကိုခံနေရသော လူမိုက်ကြီးခမျာ မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျရှာသည်။
ဒီဘက်မှလှမ်းမြင်နေရသော ကျွန်တော်တို့၏ ပန်းချီဆရာက
“ မိဘမျက်ရည် တစ်စက် သားသမီးဆင်းရဲတစ်သက် ဆိုတဲ့ စကားမှန်ရင်တော့ ဒုက္ခပါပဲကွာ။ ဦးမောင်ဝမ်းရဲ့ သားသမီး တွေနေစရာတောင်ရှိတော့မှာမဟုတ်ဘူး ”
“ ဟင် . . ဘာဖြစ်လို့လဲ ”
“ ဟိုမှာ မတွေ့ဘူးလား။ သားတွေသမီးတွေ က ဆံပင်ဝိုင်းနှုတ်လို့ ဦမောင်ဝမ်းကြီး မျက်ရည်ပေါက်ပေါက်ကျနေတာ . . .”
သူ့စကားကြောင့် ကျွန်တော်ပြုံးရုံသာပြုံးလိုက်မိသော်လည်း မလည်မ၀ယ်နှင့်လျှာရှည်သည့်နေရာတွင် ဘ၀ပေါင်းများစွာ အထုံ ပါရမီ ဖြည့်ဆည်းခဲ့သည့်မောင်စိန်မြင့် ကား ဘောက်ဆတ်ဘောက်ဆတ်နှင့် ဦးမောင်ဝမ်းဆီသို့ သွားကာ . . .
“ ဦးလေး . . .ဆံပင်ဖြူနှုတ်ချင်လို့လား ”
“ အီး ကွ ”
အင်းကွ . . .ဟုပြောချင်ပုံရသော်လည်း ဦးရေပြားထက်မှ နာကျင်သည့်ဝေဒနာကို အံကြိတ်၍ ခံနေရသောကြောင့် မပီမသနှင့် ညည်းသံတစ်ဝက် ရောကာ ‘ အီး ကွ ’ ဟုသာ ပြန်ဖြေနိုင်ရှာ၏။
မောင်စိန်မြင့်က . .
“ ဟိုဖက်က (၅) လမ်းထိပ်မှာ ဆံပင်ဖြူနှုတ်ပေးတဲ့ဆိုင်ရှိတယ် . . .ဦးလေး၊ ခြံဝမှာ ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ် ”
“ ဟေ . . .ဟုတ်လား၊ ကျေးဇူးပဲကွာ ”
ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်ရာ အမတဘုံကို ညွှန်ပြခြင်းခံရဘိ သကဲ့သို့ ဦးမောင်ဝမ်းတစ်ယောက် ငေါက်ကနဲ ထ၏။
ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ရုပ်ကဲ့သို့ လက်ညိုးထိုးပြထားသော မောင်စိန်မြင့်၏ စေညွှန်ရာဆီ တဟုန်ထိုး သုတ်ချေတင် လေတော့သည်။
(၅) လမ်းထိပ်သို့ရောက်သောအခါ ခြံဝတွင်ချိတ်ထားသော ဆိုင်းဘုတ်ကို တစ်ချက်မျှ ဖျတ်ခနဲ ကြည့်လိုက်ပြီး ရင်ကော့ကာ ကြွားကြွားရွးရွား ၀င်လိုက်သည်။
လူမိုက်ဟန်မပေါကပေါက်အောင် မျက်နှာကြောကိုလည်း တင်ထားရသေး၏။
အိမ်ရှင်ကတော့ သူ့ခြံဝင်းထဲသို့ မပြောမဆိုနှင့်စွတ်ခနဲဝင်လာပြီး နှုတ်ခမ်းကြီးမဲ့ကာ ရွဲ့တွန့်လိမ်ကာ ရင်တကော့ကော့ ခါးတထောက်ထောက် လုပ်နေသည့် ဦးမောင်ဝမ်းကုတအံ့တသြ ကြည့်နေသည်။
ညနေဘက်ဆိုလျှင် အရက်မူးပြီး ရမ်းကားဆဲဆို နေလေ့ရှိသော ဦးမောင်ဝမ်းအကြောင်းကို လည်းသိနေသော ကြောင့်
“ ဒီကနေ့တော့ စောစောစီးစီး များမူးလာသလား ”
ဟုတွေးကာ ရွံ့တွန့်တွန့် ဖြစ်နေ၏။
ဦးမောင်ဝမ်းကတော့ မ၀ံ့မရဲ ဟန်ဖြစ်နေသည့် အိမ်ရှင်ကိုကြည့်ကာ
“ ဒီကောင်ကတော့ ငါ့ကို လူမိုက်မှန်းသိလို့ ကြောက်နေရှာပြီ ”
ဆိုသည့်အတွေးဖြင့် အကျေနပ်ကြီးကျေနပ်သွား၏။ . . .ကြုံတုန်း ငါ့ရဲ့ မိုက်ဂုဏ်ပြလိုက်အုံးမှပဲ . . ဟု တွေးကာ အနီးအနား တွင်တွေ့ရသော ခွေးခြေထိုင်ခုံပုလေးတစ်လုံး ပေါ်ဝန်းခနဲ ပစ်ထိုင်ချလိုက်ရင်း
“ ဟေ့ကောင် . . .ငါ့ကိုဆံပင်ဖြူနှုတ်ပေးစမ်း ”
ဦးမောင်ဝမ်းက လေသံမာမာဖြင့် ဟောက်လိုက်ရာ အိမ်ရှင်ဖြစ်သူမှာ အူကြောင်ကြောင်ဖြင့် ပါးစပ်အဟောင်းသားပွင့်သွား၏။ ပြီးမှ . . .အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ ကျွန်တော် . . . ကျွန်တော် . . . မအားသေးပါဘူး ဦးလေးရယ်”
“ ဘာကွ . . .”
လူမိုက်ကြီးဦးမောင်ဝမ်းကား သူ့သြဇာကို အပွန်းပဲ့ခံလိုသူမဟုတ်။ သူခိုင်းတာကို တစ်သွေမတိမ်း ခေါင်းညိတ်မှ ကြိုက်သူပင်၊ သူက တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး
“ တောက် . . .ဟေ့ကောင်၊ ဗန်တိုမောင်ဝမ်းဆိုတာမင်းမကြားဖူးဘူးလား။ အားတာတွေ မအားတာတွေ ဆင်ခြေပေးမနေနဲ့၊ မင်းကို အလကားခိုင်းတာမဟုတ်ဘူး။ ပိုက်ဆံပေးမှာကွ။ ငါက လူမိုက်ပေမယ့် မတရားမလုပ်ဘူး .. .နားလည်လား”
“ ဒါ . . . ဒါပေမယ့် ကျွန်တော်က ဆံပင်ဖြူ မနှုတ်တတ်ဘူးခင်ဗျ ”
“ အောင်မာ . . .”
ဦးမောင်ဝမ်းက သူ့လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာရွယ်လိုက်ရင်း
“တယ်လေ . . ငါ . . လုပ်လိုက်ရ။ ဟင်း . . လက်ပါမိရင် မင်းတော့ နာတော့မယ်နော်။ ဆံပင်ဖြူမနှုတ်တတ်ဘဲနဲ့ အိမ်ရှေ့မှာ ဘာဖြစ်လို့ ‘ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ်ချိတ်နေတာလဲ”
သူ့စကားကြောင့် အိမ်ရှင်၏မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားပြီး . . . .
“မဟုတ်ပါဘူး . . ဦးလေးရဲ့ ။ သေသေချာချာဖတ်ကြည့်ပါဦး . . ‘ဆန်ဖြူသန့်ပေးသည်’ လို့ ရေးထားတာပါ။ သမ၀ါယမက ပေးတဲ့ ဆန်တွေညိုညစ်ညစ် ဖြစ်နေရင် ဖြူသွားအောင် ဆန်ဖွပ်ပေးတာပါ။ ဆံပင်ဖြူနှုတ်တာမဟုတ်ပါဘူး”
“ဟေ . . . .”
လူမိုက်ကြီး ဦးမောင်ဝမ်းတစ်ယောက် မျက်စေ့ကလေး ကလယ်ကလယ်ဖြစ်သွား၏။ သွားပြီ . . . သွားပြီ . . ၊ ငါတော့ ငပေါဖြစ် ပြီ . . ဟု စိတ်ထဲက ကျိတ်၍ ရေရွတ်သည်။
မိုက်ဂုဏ်ပြပြီး စောစောက ဟိန်းခဲ့ဟောက်ခဲ့ လက်သီးကြိမ်းကြိမ်းခဲ့သမျှ အခုတော့ မျက်နှာ ဘယ်လိုထားရမည်မှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ခိုးလုခုလုဖြစ်ကာ ကုပ်ကုပ်ကလေးပြန်လာခဲ့ရ၏။
“ခွေးမသားလေး၊ ငါ့ကို ချောက်တွန်းတယ်။ ဘယ်မလဲ . . စိန်မြင့်၊ ထွက်ခဲ့စမ်း”
လမ်းထဲကလူတွေက
“ဦးမောင်ဝမ်းကလည်းဗျာ၊ ကိုယ့်တူကိုယ့်သားအရွယ်လေးကို . .။ ပြီးတော့ စိန်မြင့်က အစတည်းက သူဖာသာသူတောင် အူကြောင်ကြောင်ဥစ္စာ”
အားလုံးက စိတ်ကျေနပ်အောင် ၀ိုင်းချော့ကြသလို ကျွန်တော်တို့အဖွဲ့ကလည်း လူအုပ်စုတောင့်သဖြင့် သိပ်မရမ်းရဲ။ ဒါတောင် မှ . . မောင်စိန်မြင့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“မင်း . . တစ်နေ့ တွေ့မယ်”
ဟု ကြိမ်းဝါးသွားသေးသည်။
ဗုံတိုမောင်ဝမ်း ကြိမ်းဝါးသွားသော “တစ်နေ့ . .” သည်ကား ဖြစ်ချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် တန်ဆောင်တိုင် အရပ် ပြဇာတ်ကသည့်အချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရလေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)

သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)
ဒီ ရပ်ကွက်လေးထဲသို့ ကျွန်တော်တို့ လူစု ပြောင်းလာခဲ့မိခြင်းသည် ဘုရားပွဲဈေးတန်းထဲတွက် ဆိုင်ခန်းတစ်ခန်းနေရာယူပြီး နတ်ကနားဝင် ကသလိုမျိုး ဖြစ်နေ၏။ ကျွန်တော်တို့အဖွဲ့ကလည်း နဂိုကတည်းကမှ ကိုးယိုးကားယား ဗြုတ်စဗြင်းတောင်း၊ရပ်ကွက်ကလေးကလည်း တိုလီမုတ်စ ရှုပ်ပွပွ။
မည်သူက သာသည်။ မည်သူက နာသည်ဟုတော့ ပြော၍ရမည်မထင်။ အဲ…… တစ်ခုတော့ရှိ၏။ ရပ်ကွက်ကလေးက အစကတည်းက သူ့ လွဲ ချော်မှုများနှင့် သူ နေသားတကျတည့်မတ်ပြီးသား။
ကျွန်တော်တို့ ရောက်လာသောအခါတွင်မှ (အရယ်သန်ကြသူများပီပီ) မြင်မြင်သမျှကို အချင်းချင်းလက်တို့ပြီး ဟားကြသောအခါ ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ ကသိကအောက်ဖြစ်ကြရလေတော့သည်။
ကျွန်တော်တို့ အဖွဲ့မှာလည်း လူကခပ်စုံစုံဖြစ်သည်။ စာရေးဆရာပါသည်။ ဇာတ်ညွှန်းရေးဆရာပါသည်။ ဗီဒီယိုရိုက်သည့်ငနဲတစ်ယောက် လည်းပါသည်။ ဂစ်တာတဒေါင်ဒေါင်ခေါက်သူလည်းပါသလို သရုပ်ဆောင်မင်းသားဖြစ်ချင်သည့် ငတိလည်းပါသည်။ မဂဇင်းတွေမှာ သရုပ်ဖော်ပုံ ဆွဲ သော ပန်းချီဆရာတစ်ယောက်လည်းပါသည်။
ကိုင်း…….. ဘာများလိုသေးသနည်း။
သြော်……… မေ့လို့။ ကျွန်တော်တို့အဖွဲ့ထဲတွင် မြင်မြင်ကရာကို လိုက်ပြီး နက်နက်နဲနဲတွေးခေါ်စဉ်းစားတတ်သည့် အူတူတူငနဲတစ် ကောင်လည်းပါသေးသည်။ သူ၏ တွေးခေါ်ပုံများကလည်း မေရုမြင့်မိုနှင့်သရဘန်တောင်စဉ်ခုနှစ်ထပ်ကြားမှ ရှာဖွေခဲ့ပြီးသည့်နောက် အကြိမ်ပေါင်း တစ်ထောင်တိတိ အဖန်ဖန်အလဲလဲလှော်ကာသန့်စင်ပြီးမှ ရအပ်သော သိင်္ဂဒိုက်ရွှေစင်ကဲ့သို့ ခက်ခဲနက်နဲအဘိုးထိုက်လှ၏။
ဥပမာ…… (ရေနံဆီကို ဘယ်ကနေ ထုတ်လုပ်ရယူတာလဲ)…… ဆိုသည်ကို တစ်ပါတ်ဆယ်ရက်လောက်ကြာအောင် ထိုင်စဉ်းစားခြင်းမျိုး…။
“ငါ သိပြီကွ………ငါသိပြီဟေ့”
ဘေးမှ ကျွန်တော်တို့ အားလုံးက သူ့ အလန်တကြား အော်သံဟစ်သံကြောင့် ပျာပျာသလဲ ဖြင့်ဝိုင်းမေးရ၏။
“ဘာကိုလဲဟင်…….. ဘာသိတာလဲ”
“ရေနံဆီကို ဘယ်ကနေပြီးတော့ ထုတ်သလဲဆိုတာ ငါစဉ်းစားနေတာကွ”
“ဟေ…..”
ကျွန်တော်တို့ အားလုံးပါးစပ်အဟောင်းသား….။ သူ့ကတော့ တကယ့်ပညာရှိကြီးတစ်ယောက်ရဲ့အိုက်တင်မျိုးဖြင့် မေးစေ့ကိုပွတ်၊ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း……
“အခုတော့ ငါသိပြီ။ လက်စသတ်တော့…….. (ရေနံဆီ)ဆိုတော့ (ရေနံ)ကနေ ဖြစ်လာတာကိုး ……… ကွ”
ကျွန်တော်က အမြင်ကတ်ကတ်ဖြင့်
“ဒါဆို…….. (ဓါတ်ဆီ)ကကော ဘယ်ကနေဖြစ်တာလဲကွ”
ကျွန်တော့်မေးခွန်းကြောင့်ငနဲသားကတွေတွေဝေေ၀ဖြစ်သွား၏။ အတော်ကြာအောင် စဉ်းစားနေပြီးမှ သူ့မျက်နှာက ၀င်းခနဲလက်သွားပြီး
“ဒါများ… လွယ်လွယ်လေး၊(ရေနံဆီ)ဟာ (ရေနံ)ကနေဖြစ်တာဆိုတော့….. မဟုတ်မှလွဲရော
(ဓါတ်ဆီ) ဟာ (ဓါတ်)ကနေဖြစ်တာထင်တယ်”
ကျွန်တော်က……..
“မှားတယ်”
“ဟင်………”
ငနဲသား မျက်လုံးအ၀ိုင်းသားဖြစ်သွားမှ ကျွန်တော်က ခပ်ပိုင်ပိုင်လေသံဖြင့်
(မင်း မသေမချင်းမှတ်ထား။ ဓါတ်ဆီဆိုတာ (ဓါတ်စံ)ကနေဖြစ်တာကွ)
“သြော်…….”
ငနဲသားခမျာ မျောက်အိုကြီး မျက်စဉ်းခပ်ခံရသလို မျက်လုံးကလေး ပေကလပ်ပေကလပ် လုပ်ရင်း ငိုင်ကျသွား၏။ (ဓါတ်ဆီ-ဓါတ်စံ)ဆိုသည့် ရှေးခေတ်လူရွှင်တော်နာမည်များကို ကြားဖူးထားလျက်သားနှင့်”ဒီလောက်လေးတောင်မှ ငါမစဉ်းစားမိရကောင်းလား”…. ဟုလည်း သူ့ကိုယ်သူ မချင့်မရဲဖြစ်နေပုံရသ့ည်။
တိုတိုပြောရလျှင်……. ဒီကောင်လိုလူမျိုးနှင့်ဒီရပ်ကွက်ထဲက လူတွေဆုံမှ ဆုံစည်းတတ်ကြပလေတယ်…. ဟု ကံကြမ္မာကိုအပြစ်တင်ရန် သာရှိတော့သည်။
ကျွန်တော်တို့၏တွေးခေါ်ပညာရှင်နှင့် ဒီရပ်ကွက်ထဲတွင် ပထမဦးဆုံးစပြီး ပတ်သက်ဆက်ဆံသူမှာ…… ဒေါ်လှလှ။
အရှုပ်ထုပ်တွေကို ကြံကြံဖန်ဖန် ရှာရှာဖွေဖွေသယ်လာတတ်သော၊ကောက်ရိုးပွေ့တတ်သော အဲသည်မိန်းမကြီးက စကားပြောလျှင် သူမ ကိုယ်သူမ “အလှကလေ…..အလှကလေ”ဟု နာမ်စားသုံးတတ်၏။
“ကျွန်တော်၏ လုံးချင်းဝတ္ထုတစ်အုပ်ထဲတွင် ၀င်းဦး၏သီချင်းစာသားတစ်ပိုင်းတစ်စကိုသုံး၍ “ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်…..တကယ်ကို အလှရှိတယ်” ဟု ရေးကာ ကလိခဲ့ဖူးသည်မှာ ထိုင်မှိုင်းကြီးပင်ဖြစ်သည်”
မှန်သည်။
ကျွန်တော်တို့၏ ဌာနေ၀န်းကျင်တွင် တကယ်ကို (အလှ)ရှိပါသည်။ ပြဿနာက ထို(အလှ)ဆိုသော ဒေါ်လှလှသည် အားအားယားယားရှိ တိုင်း ဟိုအိမ်သွားလည်လိုက် ဒီအိမ်သွားလည်လိုက်နှင့် (ရှုပ်)တတ် (ဖွ) တတ်ခြင်းဖြစ်၏။
သူများကို ဒုက္ခရောက်အောင်တမင်လုပ်သည်တော့ဟုတ်ပုံမရ။ လူမှုရေး အထူအပါး နားမလည်သောကြောင့်သာဖြစ်သည်။ ဒီကြားထဲ ထင်ရာ မြင်ရာတွေကို ရွပ်ရွပ်ချွံချွံ ထထပြီးပြောတတ်လုပ်တတ်လွန်းသည်ကတစ်မှောက်။
ကျွန်တော်တို့ စပြီးပြောင်းလာကာစမှာပင် စပ်စပ်စုစုလုပ်ရင်း အဲဒီ (အန်တီလှ) တစ်ယောက် ကျွန်တော်တို့ အိမ်ကို … မကြာခဏလာလာ သည်။ အဲသည်တုန်းက ကျွန်တော်အိမ်မှာအလှမွေးထားသော (ဖလားဝါးဟွန်း) ရွှေငါးလေးကို ကြည့်ကြည့်ပြီး
“ဟယ်…. ချစ်စရာကောင်းလိုက်တာ”
ဟုတဖွဖွပြော၏။
သိပ်တော့ မကြာလိုက်။ လျှပ်စစ်မီးကပြတ်၊အောက်စီဂျင်ကမရသောကြောင့် ရွှေငါးကသေသွား၏။
အန်တီလှက ကျွန်တော်တို့ အိမ်ကိုလာလည်ရင်း မှန်ရေကန်ထဲတွင် ငါးကိုမတွေ့ရသောကြောင့် ထုံးစံအတိုင်း စပ်စုရာ ကျွန်တော်က
“ရွှေငါးလေးက သေသွားပြီ…. အန်တီလှရဲ့”
အန်တီလှ၏ မျက်နှာက ချက်ချင်းပင်ကြေကြေကွဲကွဲဖြစ်သွားပြီး
“အို….. ကျွတ်ကျွတ်၊ဖြစ်မှဖြစ်ရလေကွယ်။ သနားစရာကောင်းလိုက်တာနော်။
သူ့ခမျာကံဆိုးရှာတယ်ကွယ်”
သို့သော်…. တစ်ဆက်တည်းလိုလို အန်တီလှ၏ မျက်လုံးအစုံက ဖျတ်ခနဲ တောက်ပသွားပြီး နှုတ်ခမ်းကိုလျှာဖြင့်သိမ်းလျက်လိုက်သည့် လေသံဖြင့်
“ဒါနဲ့….. မင်းတို့ အဲဒီငါးကလေးကို ချက်မစားကြဘူးလားဟင်”
“သနားလှချည်ရဲ့”ဆိုသော ငါးလေးကို ချက်စားချင်သည့် စိတ်ဓါတ်တက်ကြွမှုက အန်တီလှ၏ သွားရည်တမြားမြားလေသံထဲတွင် အထင်း သား။
ဘယ့်နှယ်မိန်းမကြီးပါလိမ့်… ဟု ကျွန်တော် နားလည်ရခက်စွာဖြင့် ခေါင်းကုတ်မိသည်။ အဲသည်အကြောင်း ပန်းချီဆရာကို ကျွန်တော်က ပြန်ပြောပြမိတော့ ပန်းချီဆရာက
“ဖြစ်နိုင်တယ်ကွ။ ငါတို့ ဒီကိုပြောင်းလာကာစက အန်တီလှတို့ အိမ်မှာ ကြက်တူရွေးလေးတစ်ကောင်ကို ချစ်လှချည့်ရဲ့ဆိုပြီး မွေးထားတာ တွေ့တယ်ကွ။ ခုနောက်ပိုင်းမတွေ့ရတော့ဘူး။ ကြည့်ရတာ…… ကြက်တူရွေးလေးလည်း ဟင်းအိုးထဲရောက်သွားပြီနဲ့တူတယ်”
အန်တီလှ၏အချစ်က တစ်မျိုးကြီးဖြစ်ပုံရ၏။
* * * * *
ကျွန်တော်တို့ ခြေရင်းအိမ်က ဖယောင်းတိုင်လုပ်ငန်းလုပ်သောအိမ်ဖြစ်၏။ ကျွန်တော်တို့အဖွဲ့က သူတို့အိမ်မှလုပ်သော ဖယောင်းတိုင်ကို (လင်းယုန်)တံဆိပ် ဖယောင်းတိုင်ဟု နာမည်ပေးထားကြသည်။
အိမ်တွင်းမှုတစ်နိုင်တစ်ပိုင်လုပ်သော ဖယောင်းတိုင်ဖြစ်သောကြောင့် ဖယောင်းသားကညံ့ရသည့်အထဲ လေခိုပြီး ပွစိစိနှင့် နောက်ပြီး ….. မီးစာလုပ်သည့်ချည်ကြိုးကလည်း ဖွာလန်ကြဲ။ သူတို့ ဖယောင်းတိုင်ကိုထွန်းညှိလိုက်လျှင် တဖျစ်ဖျစ်မြည်ပြီး (လင်း) သည်ဆိုရ(ရုံ)မျှသာ လင်း သောကြောင့် (လင်းယုန်)ဖယောင်းတိုင်ဟု နာမည်ပေးထားခြင်းဖြစ်၏။
ခြေရင်းအိမ်ကတော့ ကျွန်တော်တို့ကျိတ်ပြီး(ဟား)ကြသည်ကိုမသိ။ သူတို့လုပ်ငန်းကိုနာမည်ပေး ပေးဖော်ရသည်ဟုဆိုပြီး သဘောအကျ ကြီးကျကြသည်။ ကျွန်တော်တို့အိမ်မှ ပန်းချီဆရာကလည်း ခပ်တည်တည်ဖြသ့် ဖယောင်းတိုင်တံဆိပ်ဘလောက်တုံးလုပ်ဖို့ လင်းယုန်ငှက်ပုံတွေ ဘာတွေဆွဲပေးလိုက်သေး၏။
အန်တီလှကလည်း အဲဒီ(လင်းယုန်)ဖယောင်းတိုင်လုပ်သည့် အိမ်သို့ တစ်နေ့လျှင် နှစ်ခေါက်သုံးခေါက်လောက် အ၀င်အထွက်လုပ်သည်။ လေပန်းသည်။ တစ်ခါတစ်ရံ သူမဖာသာ တစ်ယောက်တည်း လေပန်းရုံဖြင့် အားမရဘဲ ကျွန်တော်တို့ အိမ်ဘက်သို့ လည်ဆန့်ကာ
“ဟဲ့ …… မောင်စိန်မြင့်၊ဒီဘက်အိမ်ကူးခဲ့လေကွယ်။ လက်ဖက်ထုပ်လေး ဘာလေးစားရင်း စကားစမြည်ပြောရအောင်”
ဟုဆိုကာ ကျွန်တော်တို့အဖွဲ့ထဲမှ တွေးခေါ်ပညာရှင်ကို လှမ်းလှမ်းပြီးပင့်လေ့ရှိသည်။
စိန်မြင့်ဆိုသည့် အတွေးအခေါ်ပညာရှင်ငနဲသား၏ ဥာဉ်ဆိုးကလည်းတစ်မျိုး။ ဒင်းက အချိန်ပြည့် အားအားယားယားရှိနေသောကြောင့်လား မပြောတတ်။ ဘယ်သူကခေါ်ခေါ် ….. ဘယ်နေရာကိုခေါ်ခေါ် ….. မဆိုင်းမတွဘဲ ပုဆိုးလေးပြင်ဝတ်ပြီး သုတ်ခနဲထလိုက်သွားလေ့ရှိ၏။
ယင်းသို့…… ပင့်ဆောင်လေရာ နေရာတိုင်းသို့ကြွချီတော်မူလေ့ရှိခြင်းကြောင့် ဒင်းကို ကျွန်တော်တို့ တစ်ဖွဲ့လုံးက ဒက္ခိဏသာခါကိုယ် တော်လေးဟု ကင်ပွန်းတပ်ထားသည်။ ကြာတော့ ….. သူ့နာမည်အရင်း (စိန်မြင့်)ဆိုသည်ကိုပင် မေ့တေ့တေ့ဖြစ်နေ၏။
အန်တီလှက ထိုသို့ လှမ်းလှမ်းခေါ်ကာမှပင် သူ့နာမည်(စိန်မြင့်)ပါကလားဆိုသည်ကို ပြန်ပြန်ပြီးသတိရမိကြလေသည်။ ဒင်းကလည်း အပင့် ခံရသည်နှင့် တစ်ပြိုင်နက် မနေနိုင် မထိုင်နိုင် ကောက်ကောက်ပါအောင် ကြွချီသွားပြီး သူ၏ အဖိုးထိုက်နက်နဲလှစွာသော အတွေးအခေါ်များကို ဟောကြားတော်မူလေ့ရှိ၏။
“ကျွန်တော် တစ်ခုစဉ်းစားမိတယ် …… အန်တီလှရဲ့”
“ဆိုစမ်းပါဦး……. မောင်စိန်မြင့်ရယ်”
အားအားယားယားရှိသူနှင့်ပင် စပ်စပ်စုစုနိုင်သူတို့ကား မသာအိမ်နှင့်ဖဲဝိုင်းကဲ့သို့ လိုက်ဖက်ညီလှပေစွ။
စိန်မြင့်က
“အန်တီလှတို့ ဘုရားရှိခိုးပြီးမေတ္တာပို့ရင် နာမည်တပ်ပြီးတော့ ရည်စူးမေတ္တာပို့ကြတယ်မဟုတ်လား။ ဥပမာ ……. ကျွန်တော့်အတွက် မေတ္တာပို့ရင် “မောင်စိန်မြင့် ….. ကျန်းမာချမ်းသာပါစေ”ဆိုတာမျိုးပေါ့”
“အေး …… ဟုတ်တယ်လေ”
“ဒါဆိုရင် …. အန်တီလှမသိဘဲ ကျွန်တော်က နာမည်ပြောင်းလိုက်တယ်ဆိုပါစို့။ (နေတိုး)ဆိုပါတော့ဗျာ”
အန်တီလှက ချက်ချင်းမျက်နှာအိုသွားပြီး
“မင်းနှယ်ကွယ်၊တခြားနာမည်ပြောင်းပါလား။ အန်တီက အဲဒီနေတိုးဆိုတဲ့ မင်းသားကိုသိပ်ကြိုက်တာ။ မင့် ရုပ်ကြီးနဲ့ဆိုတော့ ……..”
“ဟာ …… တကယ်ပြောင်းတာမဟုတ်ပါဘူးဗျာ။ ဥပမာပြောတာဗျ …… ခင်ဗျားကြီးကလည်း”
“သြော် ….. အေး …… အေး၊ ဒါဆို ….. ပြီးရော။ ဆက်ပြော …. ဆက်ပြော”
စိန်မြင့်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး …….
“အဲဒီမှာ …… ကျွန်တော်နာမည်က (နေတိုး)ဖြစ်သွားပြီ။ ဒါကို အန်တီလှက မသိဘဲ အရင်အတိုင်း “မောင်စိန်မြင့် …… ကျန်းမာချမ်းသာ ပါစေ”ဆိုပြီး မေတ္တာပို့ရင် အဲဒီမေတ္တာကို ကျွန်တော် ရပါ့မလားဟင်။ မရဘူးဆိုရင်ကော ….. အဲဒီမေတ္တာတွေက ဘယ်ကိုရောက်သွားသတုန်းဗျ”
ဒေသနာတော်ကသိမ်မွေ့နက်နဲလွန်းသောကြောင့်လားမသိ။ အန်တီလှတစ်ယောက် ခေါင်းကုတ်ကာ အ၊တီး အ၊ထစ်ဖြစ်သွား၏။ ကျွန်ုပ်တို့ ၏ တွေးခေါ်ပညာရှင်ကလေးမောင်စိန်မြင့်ကား အနှီကဲ့သို့သော အရေမရ အဖတ်မရ ကိစ္စများကို အချိန်ကုန်ခံပြီး စဉ်းစားတတ်သည့်နေရာတွင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်အရာထားရလောက်အောင် တစ်ဖက်ကမ်းခတ်ထူးချွန်သူပေတည်း။
သူ၏ ဒေသနာတော်ကို နာယူနေကြသူများကလည်း ခေသူတော့မဟုတ်။ လင်းယုန်ဖယောင်းတိုင်ကုမ္ပဏီချုပ်ကြီး၏ကတော် ဒေါ်ပုကြွယ်က သူဥာဏ်မီသလောက် ၀င်ရောက်ဆွေးနွေး၏။
“မောင်စိန်မြင့် ပြောတာ စဉ်းစားစရာပဲကွဲ့။ အဲဒါကြောင့် …… လူတွေက နာမည်ပြောင်းရင် သတင်းစာထဲမှာထည့်ပြီး ကြော်ငြာကြတာပေါ့။ မေတ္တာပို့ရင် နာမည်မမှားအောင် ထင်ပါရဲ့”
သူတို့ပြောသမျှကို ဒီဖက်အိမ်မှနေပြီး အတိုင်းတားကြားနေရသော ကျွန်တော်တို့တစ်ဖွဲ့လုံးက ကြမ်းပြင်ပေါ်တွင်လှိမ့်ကာလှိမ်ကာ ခြေဆောင့်ပြီးရယ်ကြ၏။
လင်းယုန်ဖယောင်းတိုင်လုပ်ငန်း၏ ကုမ္ပဏီလုပ်ငန်းစု အမှုဆောင်အရာရှိချုပ်(C.E.O)သူဌေးကြီးဦးခွေးနီကတော့ သူ့မိန်းမဒေါ်ပုကြွယ်ကို လှမ်း၍ဟန့်လိုက်ရင်း ……..
“တယ် …… ဒီမိန်းမဟာ၊ဇောက်မှန်းကမ်းမှန်းမသိဘဲ ၀င်ဝင်ပြောနေ။ ငါ …..ထလုပ်လိုက်ရ ….. နာတော့မယ်။ အဟမ်း… ဒီမယ် မောင်စိန်မြင့်ရဲ့ …. မောင်ရင်ပြောတဲ့ကိစ္စကို ပဋိကတ်ကျမ်းကြေတဲ့ သက်တော်ဝါတော်ရဆရာတော်ဘုရားကြီးတွေနဲ့တွေ့မှ မေးလျှောက်ကြည့်ရ ဦးမယ်”
တော်ပါသေး၏။
ကံကောင်းသည်ဟုပင်ဆိုရမည်။ ပိဋိကတ်ကျမ်းကြေသောသက်တော်ဝါတော်ရဆရာတော်ကြီးများကား ကျွန်တော်တို့ လမ်းထဲသို့ တစ်ပါး မှ မကြွပါ။
* * * * *
အဲသည် ကျွန်တော်တို့ခြေရင်းက (လင်းယုန်)ဖယောင်းတိုင်လုပ်သောအိမ်နှင့် လမ်းထောင့်ဆုံးတွင်ရှိသော (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်တို့ သည် တစ်ခါက အကြီးအကျယ်ရန်ဖြစ်ပြီး အခုထက်ထိတိုင် စကားမခေါ်မပြော အဆက်အဆံဖြတ်ထားကြသည်ဆို၏။
ဖယောင်းတိုင်လုပ်ငန်းနှင့် ဘက်ထရီလုပ်ငန်းတို့ မတည့်ကြခြင်း၊ရန်ဖြစ်ကြခြင်းမှာ သိပ်တော့ အံ့သြစရာမဟုတ်။ပြီးတော့ ….. အဲသည့်ကိစ္စ က ကျွန်တော်တို့ပြောင်းမလာခင်ကတည်းကဖြစ်ခဲ့သည့်ရန်စ။
ခွကျသည်ကတော့ ကျွန်တော်တို့၏ အူရဒူတွေးခေါ်ပညာရှင်မောင်စိန်မြင့်က ကြားထဲတွင် ကန့်လန့်ကန့်လန့်ဝင်ပါဖြစ်အောင် ပါလိုက် ခြင်းဖြစ်သည်။။
တစ်နေ့ ……….
လမ်းထိပ်က (ဒေါ်ရီ ….မြောင်းမြမုန့်ဟင်းခါး) ဆိုင်တွင် ကျွန်တော်တို့ ၀င်ထိုင်ပြီး မုန့်ဟင်းခါးစားဖို့မှာကြ၏။ ရှေ့မှာ ရောက်နှင့်စားနှင့်နေ ကြသူတွေကလည်း များနေသဖြင့် တော်တော်ကြာအောင်စောင့်နေရသည်။ စားနေကြသူ အားလုံးနီးပါးမှာလည်း ဒီလမ်းဟိုဘက်လမ်း အနီးတ၀ိုက် မှချည်းပင်ဖြစ်၏။
ကျွန်တော်တို့ မုန့်ဟင်းခါးဆိုင်မှာထိုင်နေခိုက် (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်မှ ကိုစိန်လှ၏ခယ်မမနှင်းသွယ်က သူမ၏သားကလေးကို လက်ဆွဲကာ ရောက်ချလာပြီး မုန့်ဟင်းခါးချိုင့်ဆွဲလာဝယ်သည်။
(သူများပြောသဖြင့်သိရသည်မှာ ….. သိပ္ပံစိန်လှနှင့်ညီဖြစ်သူ ကိုစိန်မြတို့ညီအစ်ကိုသည် မနှင်းနွယ် မနှင်းသွယ်ညီအစ်မနှစ်ယောက်ကို အစုံလိုက် အတွဲလိုက်ယူထားခြင်းဖြစ်သည်ဆို၏။ သိပ္ပံစိန်လှနှင့် မနှင်းနွယ်တို့မှာတော့ သားသမီးမထွန်းကာဘဲ ကိုစိန်မြနှင့်မနှင်းသွယ်တို့မှာ သာ ဒီသားကလေးတစ်ယောက်ရခြင်းဖြစ်သည်။
အခုတော့ …… ကိုစိန်မြကလည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က ကွယ်လွန်သွားပြီဖြစ်ရာ မနှင်းသွယ်တစ်ယောက်သာ သားတစ်ကောင်နှင့် တို့လိုတွဲလောင်းကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။ ကလေးလေးကလည်း ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်ချစ်စရာလေးမို့ ငနဲသား စိန်မြင့်ဆိုသည့်ကောင်က မနေနိုင် မထိုင်နိုင် ပါးစပ်ဆော့ပြီး ကလေးကိုသွားမြူသည်။)
“သားသားရဲ့ဖေဖေက ဘ ဒူ လဲ”
ကလေးကမဖြေ။ စိန်မြင့် ငမိုက်သားက ကလေး၏ပါးဖောင်းဖေါင်းကလေးကိုဆွဲလိမ်ပြီး ကလေးအဖေနာမည်ကို ထပ်မေးပြန်၏။
“သားသားရဲ့ ဖေဖေက ဘဒူလဲ”
ကလေးက မဖြေဘဲ မျက်လုံးပေကလတ် ပေကလတ်။ ကလေးအမေ မနှင်းသွယ်ကတော့ အနည်းငယ် မျက်နှာပျက်စပြုလာ၏။ ဒါကို ကျွန်တော်တို့မရိပ်မိ။
အမှန်ကတော့ …. အဲဒီကိစ္စသည် တကယ့်ပြဿနာအကြီးကြီးဖြစ်၏။ ဒီကလေးသည် ကိုစိန်မြနှင့် မနှင်းသွယ်၏သားဟုဆိုသော်လည်း ကတယ်တမ်းမှာ ကိုစိန်မြကွယ်လွန်ပြီး ဆယ်လကျော်မှမွေးခြင်းဖြစ်သည်။
မနှင်းသွယ်တစ်ယောက် ခဲအိုဖြစ်သူ သိပ္ပံစိန်လှနှင့် တိုးတိုးတိတ်တိတ် ဖြစ်ကြ၊ပျက်ကြပြီး အကောင်အထည်ပေါ်လာကာမှ သွားလေသူ ကိုစိန်မြ၏ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်မှန်း တစ်ရပ်ကွက်လုံးက ရိပ်မိကြ၏။
လမ်းသူလမ်းသားများကလည်း တီတိုးတီးတိုးသဖန်းပိုးလုပ်ရုံထက် မပိုဘဲ အားနာပါးနာဖြင့် အောင့်အည်းထားခဲ့ကြသည်။
အခု …… မောင်စိန်မြင့်တစ်ကောင်မှာတော့ (ဘုမသိ ဘမသိဖြင့်)ကလေးကိုမြူနေပုံက ဘေးလူအမြင်တွင် ကလေးအဖေရင်းလက်သည် တရားခံပေါ်အောင် ပုလိပ်စစ်စစ်နေသလိုလို။
ဟော ……လုပ်ပြန်လေပြီ။
“သားသားရဲ့ဖေဖေက ဘဒူလဲ”
ကလေးကမဖြေ။ မုန့်ဟင်းခါးစားနေကြသော အကြောင်းသိလမ်းသူလမ်းသားများက တခွိခွိကျိတ်ပြီးရယ်ကြ၏။ ကလေးအမေ မနှင်းသွယ်က ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မျက်စောင်းထိုး၏။
အရိပ်သုံးပါး နားမလည်သူ မောင်စိန်မြင့်ကား သူများဖုံးထားသော မစင်ပုံကိုတုတ်ဖြင့်ဆွလေပြီ။
“သားသားလေးရဲ့ ဖေဖေကဘဒူလဲ၊ပြောပါဦး”
“ဟဲ့ ……. အကောင်ရဲ့”
မနှင်းသွယ်ကား ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကလေးကို ဆတ်ခနဲပွေ့ချီလိုက်ပြီး မောင်စိန်မြင့်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်တွေ့လေတော့သည်။
“ကလေးအဖေကို ဘာကိစ္စမေးနေရတာတုန်း။ ငါဖာသာ ငါဘယ်သူနဲ့ရပြီးမွေးထားမွေးထား၊ နင်နဲ့ ဘာဆိုင်သလဲဟဲ့၊ ဟင် …..။ ပါးကွဲသွား ချင်သလား၊မနှင်းသွယ်ကိုလာမစမ်းနဲ့ …. ဘာမှတ်သလဲ”
ကျွန်တော်တို့ကား မုန့်ဟင်းခါးဖိုးကို မြန်မြန်ရှင်းပေးပြီး သုတ်ခြေတင်ရလေတော့သည်။ မောင်စိန်မြင့်ကား သူ့အမှားကို သူအားနာပြီး တောင်းပန်မဆုံး။
“ကန်တော့ပါရဲ့အစ်မရယ်။ ကလေးက သူ့အဖေကို သူသိတယ်ထင်လို့ပါ”
တောင်းပန်လေလေ၊မနှင်းသွယ်က ဒေါသထွက်လေလေ။ ဘေးမှ မုန့်ဟင်းခါးစားနေကြသူတို့ကလည်း မဖျန်ဖြေဘဲ ၀ိုင်း၍သာရယ်နေ ကြ ၏။
သြော် ……. တတ်လည်း တတ်နိုင်သည့် ရပ်ကွက်ကလေး။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်
http://ideamagazine.blogspot.com/

သူတို့ရပ်ကွက်သူတို့အကြောင်း(၂)

သူတို့ရပ်ကွက်သူတို့အကြောင်း(၂)
ကလေးအဖေတရားခံဖော်မိသည့်ကိစ္စက သည်လောက်နှင့်ပြီးမသွားခဲ့။
ပြာဖုံးနေသော ပြဿနာမီးခဲကို အလိုက်ကန်းဆိုးမသိ လေဖြင့် မှုတ်ပေးသူက အများသိတော်မူကြသည့် အတိုင်း အန်တီလှပင်ဖြစ်သည်။ သင်္ကြန်ရက်နီးလာတော့ “လင်းယုန်”ဖယောင်းတိုင်အိမ်က အလှူလုပ်သည်။ ဒေါ်ပုကြွယ်မွေးနေ့ဆိုလား ဘာဆိုလားမသိ။ မုန့်ဟင်းခါးကျွေးမည်ဆိုခြင်းကြောင့် ကျွန်တော်တို့ ဂျစ်ပစီတစ် သိုက်ကလည်း ထမင်းလွတ်ဟု သဘောထားကာ ပါးဖြဲနားဖြဲသွားစားကြသည်။
တစ်လမ်းလုံးကို ဖိတ်ပေမယ့် သူတို့နှင့် မတည့်သော “သိပ္ပံစိန်လှ”ဘက်ထရီဆိုင်အိမ်ကိုတော့ မဖိတ်ဘဲ ချန်ထားခဲ့၏။ ဒါကို အလှူမှာ လာစားကြသူတိုင်းရိပ်မိကြသည်။
ဟိုကောင် . . ငထူ . . ငအ . .စိန်မြင့်ဆိုသည့် ငနဲသားကတော့ ဒါကို နည်းနည်းမှ အထူအပါးနားမလည်။ အဘယ်မှာနားလည်အံ့နည်း။ အလှူအိမ်မှာ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် ၀င်ကူသလိုလို ဘာလို လို လုပ်ရင်း အန်တီလှနှင့်တက်ညီလက်ညီလေပေါနေကြသည်ကိုး။
အန်တီလှကလည်း အငြိမ်မနေ။ အလှူအိမ်၏ခြံတံခါးပေါက်ဝတွင်ရပ်ကာ အိမ်ရှေ့မှဖြတ်သွားသူတိုင်းကို
“ဟဲ့ . . လာလေ၊၀င်စားသွားကြဦးလေ”
“သြော် . . လာကြစမ်းပါဟဲ့။ ဒီမှာ အလှူလုပ်နေတာလေ”
ဟုဆိုကာ အတင်းဖိတ်တော့၏။ မသိလျှင် အန်တီလှကိုပင် အလှူရှင်ဟု ဘေးကလူများက ထင်မှတ်မှား လောက်သည်။
စိန်မြင့်ကလည်း ယောင်တောင်ပေါင်တောင်ဖြင့် အန်တီလှနှင့်အတူ ရောနှောကာ အိမ်ရှေ့ကဖြတ်သန်း သွားသူတိုင်းကို အလှူမှာဝင်စားဘို့ သိသိမသိသိအတင်းခေါ်လေ၏။
ကံဆိုးချင်တော့ ထိုအချိန်တွင်မှ . . .
သိပ္ပံစိန်လှ၏ဇနီးမနှင်းနွယ်က ဈေးဝယ်ထွက်ပြီး ပြန်လာသည်။ သူတို့အိမ်က လမ်းထောင့်ဆုံးမှာဖြစ် သောကြောင့် အလှူလုပ်နေသော “လင်းယုန်” ဖယောင်းတိုင်အိမ်ရှေ့မှ မလွှဲသာမရှောင်သာဖြတ်ရ၏။
မနှင်းနွယ်ကလည်း သူတို့တစ်အိမ်တည်းကို အလှူမဖိတ်ဘဲ ကွက်ချန်ထားခဲ့မှန်းသိသည်။ သူမဘက်က လည်း လင်းယုန်ဖယောင်းတိုင်ပိုင်ရှင် ဒေါ်ပုကြွယ်ကို အနာကြီးနာထားသော အချက်တစ်ချက်ရှိ၏။ မနှင်းနွယ် တစ်ကိုယ်လုံးမှာ ထူးခြားချက်နှစ်ချက်က ပေါ်လွင်ထင်ရှားလွန်းသည်။ အဲဒါကတော့ . . . “သွားခေါခြင်း” နှင့် “ဖင်ကောက်”ခြင်းပင်ဖြစ်၏။
သူတို့နှစ်အိမ်ရန်ဖြစ်ကြတော့ ဒေါ်ပုကြွယ်က မနှင်းနွယ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“ဟဲ့ . . .သွားခေါဖင်ကောက် ဍ ရင်ကောက်မရဲ့ ”
ဟုခေါ်ကာ ရန်တွေ့သည်။ ဒါကို မနှင်းနွယ်က နာကျည်း၍မဆုံး၊ကမ္ဘာမကြေဟု သတ်မှတ်ထားသည်။
အခုလည်း အလှူလုပ်နေသော ဒေါ်ပုကြွယ်အိမ်ရှေ့မှ ဖြတ်လျှောက်သည့်အခါ ဈေးခြင်းတောင်းကို တံ တောင်ဆစ်ကွေးမှာချိတ်ပြီး တမင်ပင် မျက်နှာကို ခပ်လွှဲလွှဲလုပ်ကာ သုတ်သုတ်သုတ်သုတ်ဖြင့် လျှောက်၏။
ဒါကို မြင်သွားသည့် အန်တီလှက
“ဟဲ့ . . .နှင်းနွယ်၊ညည်းက ဈေးကတောင်ပြန်လာပြီပေါ့လေ။ အတော်ပဲဟဲ့ . . လာ . . .ဒီမှာ အလှူ လုပ်နေတာ တစ်ခါတည်းဝင်စားသွားဦး”
မနှင်းနွယ်က တမင်သိသိသာသာပင် မျက်နှာကိုတစ်ဖက်သို့ ပို၍လွှဲလိုက်ပြီး မကြားချင်ယောင်ဆောင် ကာ ခြေလှမ်းကို အရှိန်မြင့်လိုက်သည်။
အလိုက်ကန်းဆိုး မသိသော အန်တီလှက ထပ်ပြီးခေါ်သည်။
“ဟဲ့ . . နှင်းနွယ် . . .နှင်းနွယ်၊လာစမ်းပါဟဲ့၊အားမနာစမ်းပါနဲ့ . . ဒီအိမ်ကတို့နဲ့ ဆွေလိုမျိုးလိုနေတာ၊လာ . . .မုန့်ဟင်းခါးစား”
ရန်ဖြစ်ထားသည့်အိမ်ကိုမှ အတင်းမုန့်ဟင်းခါးဝင်စားခိုင်းနေသော အန်တီလှကို မနှင်းနွယ်က မျက်စောင်းထိုး၏။
ဒါကိုလည်း အန်တီလှက သဘောမပေါက်။
“လာစမ်းပါဟဲ့ . . .၊အို . . .ခက်တာပဲ . . ဘယ်သွားမလို့တုန်း၊ ဟဲ့ . . မောင်စိန်မြင့်ရဲ့ ဒီမှာ နှင်းနွယ်ကို ဆွဲစမ်းပါဦး”
အသွားစေသူက အန်တီလှ၊ဘုမသိဘမသိဖြင့် အတင်းလိုက်ပြီး လက်ဆွဲသူက မောင်စိန်မြင့် အဲဒီမှာတင် စပြီး ကြည့်လို့ကောင်းတော့သည်။
စိန်မြင့်ဆိုသည့်ကောင် လက်ဆွဲနေပုံကလည်း အလှူအိမ်ထဲကို ဖိတ်ခေါ်နေသည်နှင့်မတူ။ ဇူဇကာ ပုဏားက ဝေသန္တရာမင်းကြီး၏ သားတော်နှင့် သမီးတော်တို့ကို အလှူခံပြီး တရွတ်ဆွဲခေါ်သွားပုံမျိုး ဖြစ်နေ ၏။
မနှင်းနွယ်ကလည်း အတင်းဇွတ်ပေကပ်ပြီး ခြေကန်ရုန်းသည်။
“လွှတ် . . လွှတ် . . .ငါ့ကိုလွှတ်”
“အို . ..လာစမ်းပါ”
“ဟင့်အင်း . . လွှတ် . . လွှတ် ပါရှင်”
စိန်မြင့်ကဆွဲလေ . . မနှင်းနွယ်က ခြေစုံတောင့်ခံကာ ရုန်းလေဖြင့် အလှူအိမ်ရှေ့တွင် ၀ရုန်းသုန်းကား ။
အလှူအိမ်ထဲမှ လူတွေကလည်း ၀င်ဆွဲရကောင်းနိုးနိုး၊ဟဲ့ . . “လွှတ်လိုက်တော့ . . သူဖာသာသူသွားပ စေ” ဟု နှင်လွှတ်ရကောင်းနိုးနိုး ခွတီးခွကျဖြစ်နေကြ၏။
ထိုစဉ် . . . .
“ဟေ့ကောင် . . ငါ့မိန်းမကိုလွှတ်လိုက်”
ဆိုသည့်စကားသံနှင့်အတူ သိပ္ပံစိန်လှတစ်ယောက် ငှက်ကြီးတောင်ဓါးကိုဆွဲ၍ရောက်လာလေတော့ရာ သူ့ဖက်ကိုယ့်ဖက် ပတ်သက်ရာပတ်သက်ကြောင်းတွေဝင်ပြီး ဆွဲကြလွဲကြ ရိုက်ကြနှက်ကြဖြင့် အလှူပွဲသည် ရန်ပွဲအဖြစ် ပြောင်းသွားလေတော့သည်။
* * * * *
မောင်စိန်မြင့်ကလေးတစ်ယောက်ခမျာ သူ့ကြောင့် အလှူအိမ်မှာ တုတ်ဆွဲဓါးဆွဲရန်ပွဲဖြစ်ပြီးသည့် နောက်တွင် ရပ်ကွက်ကို အားနာ၍လားမသိ၊အတော်ကလေးငြိမ်ကျသွား၏။အန်တီလှကိုလည်း လန့်သွားဟန် တူသည်။
အရင်လို စကားရောဖောသော သိပ်မလုပ်တော့ဘဲ အန်တီလှကို ခပ်ရှောင်ရှောင်ဖယ်ဖယ်နေ၏။
ဦးပွားကော . . .သူ့သားဖြစ်သူအောင်ဗလကော . . နှစ်ယောက်စလုံးဘ၀က အကျိုးပေးမကောင်းသော ကြောင့်ခါးကုန်းပြီး ကျောလည်ခုံးထကာ ခါးဆစ်ရိုးတွင် ဘုကြီးဖြစ်နေ၏။
အဖေကော သားပါနှစ်ယောက်စလုံး ဘုကြီးကို ခါးကုန်းကုန်းပေါ်တင်ပြီး ထမ်းထားသလိုဖြစ်နေသော ကြောင့် “ခါးဘုနှင့်သားအဖ”ဟု ရပ်ကွက်ထဲမှ လူတွေကမှတ်မိကြ၏။
“ခါး ဘု”ဆိုသည်ကို အရပ်ခေါ်ခေါ်သည့်အသံထွက်ကတော့ “ဂပု”ပေါ့လေ။
တစ်ချိန်က နာမည်ကြီးလူကြိုက်များခဲ့သည့် အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် “အဖေတစ် ခု သားတစ်ခု”ကလည်း လူတွေ၏ပါးစပ်ဖျားမှာ စွဲလန်းနေဆဲဖြစ်လေတော့ ဦးပွားနှင့်အောင်ဗလတို့သားအဖ ကို “အဖေဂပု၊သားဂပု ”ဟု ခေါ်ကြလေတော့သည်။
“ဂပု” သားအဖနှစ်ယောက်စလုံးကလည်း ၀ိုးတိုးဝါးတားကြောင်တိကြောင်ကျားတွေ . . .၊တစ်ခါကလည်း သား ဂပုဖြစ်သူအောင်ဗလက ဂျာနယ်ထဲမှ ခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုကို ဖတ်ရှုပြီးခပ်တည်တည်ဖြင့် သုံးသပ်ပြဘူးသည်။
“ကျွန်တော် သေသေချာချာလေ့လာကြည့်လိုက်တော့ . . ကျွန်တော်တို့နိုင်ငံကို လာလည်ကြတဲ့ foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေပဲဗျ”
“ဟုတ်ရဲ့လား . ..မောင်မောင်ဗလရယ်”
“သိပ်သေချာတာပေါ့ဗျာ၊ကျွန်တော် နှစ်ရှည်လများ စနစ်တကျလေ့လာသုံးသပ်ပြီးမှ ပြောတာဗျ”
အောင်ဗလ၏သုံးသပ်ချက်က အမှတ်တမဲ့ဆိုလျှင် မျက်စေ့လည်ပြီး ကယောင်ချောက်ချားဖြစ်သွား စေနိုင်လောက်၏။
ဘယ်နှယ့် . . .
“Foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေ . . .”တဲ့။ ဘယ်လောက်တောင် သုတေသန စာတမ်းပြုစုဘို့ ကောင်းလိုက်လေသလဲ။
“Foreigner ဆိုပါမှ အကုန်လုံးနိုင်ငံခြားသားတွေချည်းပဲ မဟုတ်လို့ မင်းအမေ့လင်တွေပါ ပါလာရီဦးမှာ လား”ဟု မေးမေးပြီး နားရင်းကို ဘယ်ပြန်ညာပြန်ရိုက်ဘို့သာရှိတော့သည်။
ဒါတောင်မှ . . .ဒီတွေ့ရှိချက်ကို မောင်အောင်ဗလခမျာ နှစ်ရှည်လများ လေ့လာအကဲခတ်တော်မူပြီးမှ သိလာသည်ဆိုပဲ။
သား “ခါးဘု”ကတင် အဲသည်လိုလားဆိုတော့ မဟုတ်သေး။ အဖေ“ခါဘု”ဖြစ်သူဦးပွားကလည်း သူ့နည်း သူ့ဟန်ဖြင့်သူတစ်နိုင်တစ်ပိုင် ၀င်ဝင်ပြီးကြောင်သည်။ သူကျတော့ “လူရာဝင်သည့်ရောဂါ”က ပိုပြန်သေး၏။
တစ်ခါကလည်း ရပ်ကွက်ဓမ္မာရုံဆောက်လုပ်လှူဒါန်းဘို့ အစည်းအဝေးလုပ်ကြချိန်မှာ ကမကထပြု မတည်အလှူငွေထည့်ကြသည့် သူဌေးတွေစကားဝိုင်းထဲ ယောင်တောင်ပေါင်တောင်ဖြင့် အတင်းဝင်ရော၏။
ဟိုလူတွေထဲမှာက ဆန်ကုန်သည်၊ပဲကုန်သည်တွေပါသလို၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊သစ်ကုန် သည်သူဌေးတွေလည်းပါ၏။ ပြောနေသည့်စကားတွေကလည်း သိန်းရာဂဏန်းအထက် . . . ။
အဲဒီကြားထဲ ခါးကုန်းကုန်းကျောဘုလုံးလုံးနှင့်ဦးပွားတစ်ယောက် ဘယ်လိုမှပါးစပ်ဝင်မဟသာချေ။ ဒါ တောင်မှ မရမက အပေါက်အပြဲရှာကာ ၀င်တိုးဘို့ကြိုးစားသေး၏။
ဟိုသူဌေးတွေကပြောကြဆိုကြရင်း ပျဉ်းကတိုးဈေး၊ကျွန်းဈေးစသဖြင့် သစ်အကြောင်း စကားစပ်မိနေကြ သည့်အထဲ ခါးဘုဦးပွားက ရုတ်တရက်ထပြီးပြောလိုက်သည်။
“ကျွန်းသစ်ရရင် နည်းနည်းလောက်လိုချင်တယ်”
ဦးပွား၏စကားကြောင့် အားလုံးစိတ်ဝင်စားသွားကြ၏။ စိတ်ဝင်စားရပေမပေါ့။ စကားဝိုင်းထဲမှ သစ်ကုန် သည်သူဌေးက
“ဘယ်နှစ်တန်လောက်လိုချင်တာလဲ”
မှန်၏။ သူတို့အဘို့တော့ အရေအတွက်ကို“တန်” လောက်ဖြင့်သာ အနည်းဆုံးထားပြီးပြောရပေသည်။
ထိုအမေးစကားကြောင့် ဦးပွားတစ်ယောက် ခေါင်းကုတ်သလို ဖင်ကုတ်သလိုလုပ်ပြီး လျောချသွားရ တော့၏။
“များများစားစားမဟုတ်ပေါင်ဗျာ။ သွားကြားထိုးဘို့အစတစ်စနှစ်စလောက်ရရင်တော်ပါပြီ”
ဘေးမှကြားရသူတိုင်းက ဦးပွားကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဆဲကြလေ၏။
သိုသော့် . . ခါးဘုဦးပွား၏ လူရာဝင်ချင်သည့်ရောဂါက ငုပ်မသွား။ ကားပွဲစားလည်းဆိုသေးရဲ့။ ဒီလောက် “အ”ရကောင်းလားဟု အပြစ်တင်မစောပါနှင့်။
ကားပွဲစားဆိုသော်လည်း တကယ့်ပွဲစားစစ်စစ်မဟုတ်။ သူ့အကျင့်အတိုင်း တကယ့်ကားပွဲစားတွေ နားသွားပြီး ဟိုနားမော့မော့ ဒီးနားမော့မော့နှင့် လူရာဝင်ချင်လွန်း၍အတင်းလိုက်ကာ ရောယောင်နေခြင်းမျှသာ ဖြစ်၏။
တကယ့်ကားပွဲစားတွေပြောလေ့ဆိုလေ့ရှိသော“အခေါ်အဝေါ်”တွေ၊ “အထာ”စကားတွေကို နားစွန်နား ဖျားကြားရသမျှ မှတ်ထားပြီး လူသူလေးပါးထူထူကြားရောက်လျှင် ဦးပွားတစ်ယောက် အတည်ပေါက်နှင့် မှုတ် လေ့ရှိ၏။
မသိသူများကတော့ ခါးဘုဦးပွားကို တကယ့်ဝါရင့်ကားပွဲစားကြီး အထာနပ်ပြီးသား ကားပွဲစားကြီးဟု ထင်ကောင်းထင်ကြပေမည်။
“ပါဘလေကာကို ဖင်ထောင်နဲ့ အလဲအထပ်လုပ်ရင် အောက်ကားက ဘယ်လောက်လိုက်မလဲ”
“ဈ မျဉ်းဆွဲ တူးဒိုးက သန့်တယ်။ တစ်လက်ကိုင်ပဲ”
“အဲဒီကားက ဘော်ဒီဆေးသားကို ခေါက်ကြည့်လိုက်တော့ ပတ်တီးသံပါနေတယ်”
သည်စကားတွေက လက်ဖက်ရည်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှ လူထူထူစုမိပြီဆိုလျှင် ခါးဘုဦးပွားတစ် ယောက် ကျယ်လောင်ကျယ်လောင်ပြောလေ့ရှိသော ပါးစပ်အယားပြေဝေါဟာရများဖြစ်၏။
အဲဒါတွေကို နားယောင်ပြီး မစားရ၀ခမန်း လှေကြုံစီးကာ“မျော”ပါသူက ကျွန်တော်တို့၏ အတွေးအခေါ် ကျိုးတိုးကျဲတဲ ပညာရှင်ကလေး . .မောင်စိန်မြင့်။
ကနေ့နက်ဖြန်ဆိုလျှင်ပဲ ကားတစ်စီးအရောင်းအ၀ယ်ဖြစ်လျှင် သိန်းနှင့်သောင်းနှင့်ချီပြီး ငွေထုပ် ပိုက်ရ တော့မလိုလို ဘာလိုလို အိုက်တင်ဖမ်းကာ ဦးပွားနှင့်နှစ်ယောက်သားခေါင်းချင်းဆိုင်လျက် ကျိတ်ကျိတ် ကျိတ်ကျိတ်လုပ်ကြ၏။
တစ်ရက်တော့ ဦးပွားက မောင်စိန်မြင့်ကို လမ်းမှာတွေ့တွေ့ချင်း အတင်းလက်ဖမ်းဆွဲပြီး
“ဟေ့ကောင် . . .မောင်စိန်မြင့် ဖင်ကောက်ရရင် တစ်စီးလောက်ဆွဲမယ်ကွာ၊ငါ့မှာ ၀ယ်လက်ရှိတယ်”
“ဗျာ . .ဖင်ကော်၊ဘာ “ဖင်ကောက်” လဲ . . .ဦးလေးပွား”
“ဟာ . . မင်းကလည်း “အ”ပါကွာ။ နိုင်တီတူးမော်ဒယ်(92 Model) ဆလွန်ကားဖင်ကောက်ကို ပြောတာ ကွ”
“သြော် . . .သြော် သဘောပေါက်ပြီ ဦးလေးပွား၊ကျွန်တော်ရှာထားလိုက်မယ်”
ပြောပြီးပြီးချင်း မောင်စိန်မြင့်က လှည့်ထွက်မည့်ဟန်အပြင်တွင် ခါးဘုဦးပွားက လက်ကိုလွှတ်မပေးဘဲ ဆွဲထားရင်း
“ဟ . . .နေဦးကွ။ ပြောဘို့ကျန်သေးတယ်။ ငါ့ဝယ်လက်က “ရှဲစောင်း”မှ လိုချင်တာတဲ့နော်။ “ရှဲ”ဆိုတာ ကိုကော သိရဲ့လား။ ကားရှေ့ပိုင်းက . . .”
“ဟာဗျာ . . ဒါတော့ သိပါတယ် ဦးလေးပွားရာ”
“အေး . . .အေး . . .ပြီးရော”
အမှန်တော့ “ရှဲစောင်း”အမျိုးအစားက S.E ကားအုပ်စုထဲမှသာဖြစ်၏။ စောစောက သူပြောသော 92Model ဖင်ကောက်အမျိုးအစားနှင့် ဘာမှမဆိုင်။ တစ်ယောက်ယောက်က ခါးဘုဦးပွားကို အမြင်ကတ်ကတ် ဖြင့် နောက်ပြောင်ပြီး ကမ္ဘာပေါ်မှာမရှိသည့်ကားကိုရှာခိုင်းလိုက်ပုံရသည်။
မောင်စိန်မြင့်ကလည်း ဘုမသိဘမသိဖြင့် အဟုတ်မှတ်ပြီး ရှာပေးမည်ဟုကတိပေးလိုက်၏။
နောက်တစ်ပတ်ခန့်အကြာတွင် . . .
မောင်စိန်မြင့်ထိုင်နေသော ရပ်ကွက်လက်ဖက်ရည်ဆိုင်ထဲသို့ ခါးဘုဦးပွားဝင်အလာ . .၊ မောင်စိန်မြင့် က ၀မ်းသာအားရအော်ပြီး နှုတ်ဆက်၏။
“ဟာ . . ဦးလေးပွား၊အတော်ပဲ”
မောင်စိန်မြင့်ကလေးကား(ထုံးစံအတိုင်း) စကားပြောလျှင် ရှေ့နောက်မကြည့်။
ထို့ကြောင့် . . .ဦးပွားနောက်မှကပ်ပါလာသော “သွားခေါဖင်ကောက် ဍ ရင်ကောက်”အလှမယ် မနှင်းနွယ်ကိုလည်း သတိထားမိဟန်မတူ။ ခင်ပွန်းဖြစ်သူ သိပ္ပံစိန်လှအတွက် လက်ဖက်ရည်ချိုင့်ဆွဲလာဝယ်ပုံ ရသော မနှင်းနွယ်က ဆိုင်ထဲဝင်ဝင်ချင်းမှာပင် မောင်စိန်မြင့်က ဦးပွားကို လှမ်းပြောလိုက်သော စကားကြောင့် တွန့်ခနဲဖြစ်သွားသည်။ စိန်မြင့်ပြောပုံက
“ဦးလေးပွား . . ဟိုတစ်ခါပြောထားတဲ့ “ရှဲစောင်း”ကို ကျွန်တော်တွေ့ထားပြီ . .ဦးလေး”
မနှင်းနွယ်က စိန်မြင့်နှင့် ခါးဘုဦးပွားတို့၏ အပြန်အလှန်ပြောစကားကို နားထောင်ရင်း မလုံမလဲစိတ် ဖြင့် သူမပါးစပ်ထဲမှ သွားခေါခေါကို ဖုံးကွယ်ရန်နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်မိသည်။
စိန်မြင့်ကိုလည်း ဒေါမာန်ပါပါဖြင့် “ဒိုင်း”ခနဲ မျက်စောင်းပစ်ထိုးလိုက်၏။
စိန်မြင့်က သူမကိုစောင်းချိတ်ပြောနေသည်ဟု ထင်လည်းထင်ချင်စရာ။ သူမ၏အပေါ်သွားဖုံး“ရှဲ” ကြီး ကလည်း အညာက ဘုန်းကြီးကျောင်းခေါင်မိုးလို ပြတ်ပြတ်သားသား တစောင်းကြီး“ခေါ”နေသည်မဟုတ်လား။
“တောက် . . .”
သူမ၏ရင်တွင်းမှဒေါသကို မျိုသိပ်ရင်း“တောက်”တစ်ချက် အသံတိတ်ကျိတ်ခေါက်လိုက်စဉ်မှာပင် ခါးဘု ဦးပွားက . . .
“ဟ . .ရှဲစောင်းရုံ . .သက်သက်ပဲလားကွ . .မောင်စိန်မြင့်ရဲ့”
“ဦးလေးကလည်းဗျာ . . ဟဲ. .ဟဲ . . သိပါတယ်ဗျ။ဖင်ကောက်မှဖြစ်မယ်လို့ ပြောမလို့မဟုတ်လား . . ဟဲ . .ဟဲ . . ”
ဒီတစ်ခါတော့ ပညာရှိကလေးမောင်စိန်မြင့်၏စကားတို့က မနှင်းနွယ်ကို တိုက်ရိုက်စော်ကားလာလေပြီ။ သည်ကြားထဲ အသံဆိုးကြီး “တ ဟဲ ဟဲ”ဖြင့် ရယ်နေပုံက သူမကို ရိထေ့လှောင်ပြောင်သရော်နေသည်ဟု ခံစား ရ၏။
မနှင်းနွယ် ဒေါသကိုမချုပ်တီးနိုင်တော့။
ထိုစဉ်မှာပင် မောင်စိန်မြင့်က အော်ကြီးဟစ်ကျယ်ဖြင့် ခါးဘုဦးပွားကိုလှမ်းပြီး
“ရှဲစောင်း ဖင်ကောက်ကိုကျွန်တော်တွေ့ထားပြီ၊ ဦးလေးဆွဲမလား”
မနှင်းနွယ်ကား ဗြုန်းခနဲဒိုင်းခနဲဆိုသလို ပေါက်ကွဲလေပြီ . . .
“ကဲ . . ဆွဲချင်ဦးဟယ်၊ဆွဲချင်ဦးဟယ်”
“ဖြန်း . . ဖြန်း . . ဒေါင် . . .ဘုတ်”
“အောင်မလေး . .လုပ်ပါဦးဗျ . . လုပ်ကြပါဦး”
စိန်မြင့်တစ်ယောက်ကား ကယ်ပါယူပါ တစာစာနှင့်။ မနှင်းနွယ်ကား ဟူးဟူးထွက်သော အမျက်ဒေါသကို တော့ဖြင့် မလျော့လေပြီ။
ထု၏။ ရိုက်၏။ နှက်၏။ မောင်စိန်မြင့်၏ နားသယ်စပ်မှ အမွှေးကိုဆွဲ၍နှုတ်၏။ လက်ထဲမှ လက်ဖက်ရည် ချိုင့်ဖြင့် စိန်မြင့်၏ခေါင်းကို တဒေါင်ဒေါင်မြည်အောင်ခေါက်၏။
စိန်မြင့်ကား တအားအား တအီးအီး အော်ညည်းလျက် . . ။
* * * * *
ခြွေရံဆင်မြင်း၊ဗိုလ်ခပင်းကြောင့်၊မင်းတို့အမျက်အူးဟူးထွက်၏။
လိုက်ဖက်ဆေးဝါး၊မန္တန်အားကြောင့်၊သမားအမျက်ဟူးဟူးထွက်၏။
ထက်အောက်ဆန်စုန်၊ တောင်ပံဟုန်ကြောင့်၊ဂဠုန်အမျက် ဟူးဟူးထွက်၏။
* * * * *
ထိုရပ်ကွက်ကလေးမှာနေစဉ်က အဲသည် “တရားမရ၊မျက်ဒေါသ” လင်္ကာကို ကျွန်တော် ထပ်မံဖြည့်စွက် ရေးသားဖြစ်ခဲ့ပါသေးသည်။
“ပွဲစားနှစ်ယောက်၊လျှာရှည်ပေါက်ကြောင့်၊ဖင်ကောက် အမျက်ဟူးဟူးထွက်၏”
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

သူတို့ရပ်ကွက် သူတို့အကြောင်း(၃)

သူတို့ရပ်ကွက် သူတို့အကြောင်း(၃)
မှတ်ကြီးတစ်ယောက် အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ငူငူငေါင်ငေါင် ထိုင်နေသည်ကို အခန့်သင့်ပင်တွေ့ရ၏။
ညီဆူးက အခန်းထောင့်သို့ သူ့အ၀တ်အစားအိတ်ကို “ဘုန်း”ကနဲ မြည်အောင်ပစ်ချလိုက် ပြီး . . ..
“ဒီမှာ . . မှတ်ကြီး။ မင်းဘာမှ အားမငယ်နဲ့တော့။ မင်းကို ကယ်တင်ဘို့၊ မင်းရဲ့ အမှားတွေ ကို တည့်မတ်ပြင်ပေးဘို့က ငါကိုယ်တိုင် ဒီအိမ်ကိုရောက်လာပြီ . . သူငယ်ချင်း”
သူများအိမ်မှာကပ်နေဖို့ရောက်လာသည်ကိုပင် အပြောကတော့ အထက်စီးမှမလျော့။
မှတ်ကြီးက ငေါင်တောင်တောင်ထိုင်နေရာမှ မျက်ခွံကလေးမ၀ံ့တ၀ံ့ပင့်လှန့်ကြည့်ကာ ပေကလပ် ပေကလပ်ဖြင့်
“မင်းကို အိမ်ကနှင်ချလိုက်ပြီလို့ ရိုးရိုးတမ်းတမ်းပြောရင်လည်း ရပါတယ်ကွာ”
အကြောင်းသိပြီးသားလူချင်းမို့ ညီဆူးကို မှတ်ကြီးက ကွက်ကျော်မြင်ပြီးသား။ ညီဆူးက တော့ . .အဟီး . .ဟု ရှက်ရယ်ရယ်သည်။ ပြီးမှ . . . . .
“နေစမ်းပါဦး . . . မှတ်ကြီးရ။ မင်း အရင်နေတဲ့အိမ်လေးက ကောင်းရဲ့သားနဲ့ ဘာလို့ ဒီကို ပြောင်းလာရတာလဲ”
ညီဆူး၏မေးခွန်းကြောင့် မှတ်ကြီးတစ်ချက်တွေခနဲဖြစ်သွား၏။ ချက်ချင်းပြန်မဖြေနိုင်။ ပြီးတော့မှ . . . .
“အဲ . . . ဟိုဒင်းကွာ . . ဘာခေါ်မလဲ။ တိုးတက်မှုကို ရှေးရှူတဲ့ဖြစ်စဉ်တိုင်းမှာ အပြောင်း အလဲဆိုတာရှိတယ် . . . သူငယ်ချင်း။ ဒါ . . တော်လှန်သော အဘိဓမ္မာပေါ့ကွာ။ ရုရှားနိုင်ငံရဲ့ မဟာအောက်တိုဘာတော်လှန်ရေးကြီးမှာတောင်မှ . ..ဒီလိုမျိုး အတွေးအခေါ်ကို ကိုင်စွဲပြီး . . .”
“နေ ပါဦး . . နေပါဦး၊ ကြီးကြီးကျယ်ကျယ်တွေ သိပ်မပြောနဲ့ . .. မှတ်ကြီးရာ။ ဟိုဖက် ရပ်ကွက် ကနေ ဒီဖက်ရပ်ကွက်ပြောင်းလာတာ ဘာတွေများတိုးတက်သွားသလဲ။ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာမှတ်ကြီးလို့ လူတွေက ၀ိုင်းခေါ်ကြရောလား”
ငေါ့ပြောနေသော ညီဆူး၏စကားကြောင့် မှတ်ကြီးတစ်ယောက် ဘယ်လိုအကြောင်းပြချက် ပေးရမည်မှန်းမသိဘဲ ယောင်နနဖြစ်နေပြီးမှ . . .
တစ်စုံတစ်ရာ ဖျတ်ကနဲ သတိရသွားဟန်ဖြင့် . . .
“သြော် . . .ဒီလိုလေ၊ ဒီအိမ်ကြီးမှာက တယ်လီဖုန်းရှိတယ်ကွ”
“ဟင် . . မင်းမှာ တယ်လီဖုန်းနဲ့ အရေးတကြီးပြောစရာ ဆိုစရာ ဘာအလုပ်အကိုင်မှ မယ်မယ်ရရမရှိတာ။ ဘာထူးလို့လဲ”
မှတ်ကြီးက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
“ငါ့လခွေး။ ဟုတ်တော့ ဟုတ်တာပေါ့ကွာ။ ဒါပေမယ့် . .. မင်းက အဲဒီလို ဒဲ့ဒိုးကြီးပြော လိုက်တော့ ငါရှက်သွားတာပေါ့ . . ဟီး . .ဟီး”
“ဟေ . . . မင်းက ရှက်လည်းရှက်တတ်သေးသကိုး”
ညီဆူးက အံ့သြဆန်းကျယ်ဖြစ်ရပ်တစ်ခုကို မယုံနိုင်စဖွယ် ဘွားဘွားကြီးတွေ့လို့ရသလိုမျိုး ရေရွတ်မိ၏။ မှတ်ကြီးက . . .
“တစ်ခုတော့ရှိတယ်ကွ။ အရင် ဒီအိမ်မှာနေသွားတဲ့ အိမ်ရှင်က သူ့တယ်လီဖုန်းကို လမ်းသူ လမ်းသားတွေ အချိန်မရွေးလာပြောနိုင်ပါတယ်ဆိုပြီး ခွင့်ပေးထားတယ်ကွ။ တစ်နေ့တစ်နေ့ ဖုန်းဆက်ခပေးပြီး လာဆက်တဲ့သူ သုံးလေးယောက်လောက်တော့ရှိတတ်တယ်။ နောက်ပြီး ဖုန်း နံပါတ်ကနေတစ်ဆင့် သူတို့ကိုခေါ်ခိုင်းရင်ရတယ်ဆိုပြီး အပြင်က သူတို့မိတ်ဆွေတွေကိုပါ ပေးထားတော့ သူတို့ဆီဆက်တဲ့ဖုန်းတွေလာရင် အိမ်အထိလိုက်ခေါ်ပေးရသေးတယ်ကွ”
“အေးလေ . . လုပ်ပေါ့ကွ။ ဖုန်းဆက်ခက မင်းပဲရတာမဟုတ်လား။ လက်ဖက်ရည်ဖိုး အတွက် မပူရတော့ဘူးပေါ့ . . .မှတ်ကြီးရ”
မှတ်ကြီးက ညီဆူး၏စကားကို စက်ဆုပ်ရွံ့ရှာနားခါးဟန်ဖြင့် ဦးခေါင်းကိုဆတ်ကနဲ တစ်ဖက် သို့လှည့်ကာ မျက်နှာရှုံမဲ့ ပစ်လိုက်ရင်း . . .
“ဟေ့ကောင် . . ညီဆူး။ မင်းက ငါ့ကို ပိုက်ဆံမျက်နှာတစ်ခုတည်းကြည့်တဲ့ကောင်လို့ ထင်ရသလား။ ငါ ဒီအလုပ်ကိုလုပ်တာဟာ ပြည်သူလူထုရဲ့ ဆက်သွယ်ရေးအဆင်ပြေ ချောမွေ့ အောင် ကူညီနေတာ၊ ကိုယ်ကျိုးစွန့်နေတာကွ။ ငါဟာ နှယ်နှယ်ရရမှတ်ကြီး မဟုတ်တော့ဘူး . . သူငယ်ချင်း။ ပြည်သူလူထုအတွင် ရှင်သန်နေတဲ့မှတ်ကြီး . .၊ ပြည်သူလူထုရဲ့သားကောင်းရတနာ မှတ်ကြီး . . ၊ ပြည်သူလူထုကို ကိုယ်စားပြုနေတဲ့ မှတ်ကြီး . . ၊ ပြည်သူ့မှတ်ကြီးဖြစ်သွားပြီကွ . . နားလည်လား”
မှတ်ကြီးကား ဒေါနှင့်မာန်နှင့်ငေါက်လေပြီ။
ညီဆူးခမျာလေးမှာကား နေစရာမရှိပြီ။ သူ့နှုတ်မှ ခပ်တိုးတိုးသာ ညည်းမိရှာသည်။
သြော် . . .မှတ်ကြီး . . မှတ်ကြီး။
*****
တကယ်တော့ . . မှတ်ကြီးတစ်ယောက် ဟိုဖက်ရပ်ကွက်မှာ မျက်နှာမပြ၀ံ့လောက်အောင် ကို မဟာမရှက်တော်ဗြန်းဗြန်းကွဲရသော အဖြစ်ဆိုးတစ်ခုနှင့် ကြုံပြီး အိမ်ပြောင်းပြေးလာခဲ့ခြင်း သာဖြစ်၏။
ဟိုဖက်ရပ်ကွက်မှာနေတုန်းက သူ့အိမ်နှင့်တစ်လမ်းကျော်တွင် နေထိုင်သော ကောင် မလေးနှစ်ယောက်ကို မှတ်ကြီးက အသည်းအသည်ကြိတ်ပိုးသည်။
အဲသည်ကောင်မလေးနှစ်ယောက်စလုံးက နယ်မှလာသူတွေဖြစ်ကြပြီး ဂျာနယ်တိုက်တစ် တိုက်တွင် အလုပ်လုပ်ကြသောကြောင့် ဂျာနယ်တိုက်ပိုင်ရှင်က ဘော်ဒါဆောင်သဘောမျိုး အိမ် တစ်လုံးငှားပေးပြီး သူတို့နှစ်ယောက်ကိုနေထိုင်စေခြင်းဖြစ်၏။ မှတ်ကြီးကလည်း အဖော်ရအောင် မဂဇင်းတိုက်တစ်ခုတွင် တောက်တိုမယ်ရလုပ်နေသူဖြစ်ရာ ဂျာနယ်နှင့် မဂဇင်းလုပ်ငန်းချင်း အမျိုး တော်သည်ဟု အတင်းဇွတ်ဆွဲ ကောင်မလေးနှစ်ယောက်ကို အားပေးကူညီသည်။
ကောင်မလေးတွေနာမည်က သီသီနှင့်ကေသွယ်ထွန်းဆိုလား ဘာလားမသိတော့။ မှတ်ကြီးကတော့ မျက်နှာပြည့်ပြည့် ဆံပင်ရှည်ရှည်နှင့် သီသီဆိုသောကောင်မလေးကို ပိုပြီး စိတ်ဝင်စားသည်ဟုဆိုသည်။ (အမှန်ကတော့ နှစ်ယောက်ထဲက ဘယ်သူ့ရရပါ)
ကောင်မလေးတွေကတော့ (မှတ်ကြီးလိုမျိုး ဗိုက်ပူရွှဲရွှဲ၊ နှုတ်ခမ်းမွှေးဗလပျစ်၊ ဗိုက်ကြယ်သီး ပြုတ်ရှပ်အင်္ကျီမှာဖားဥတွေစွဲပြီး မဲညစ်နေသော) လူ ဘုတ်ထိုင်းကြီးတစ်ယောက်က သူတို့ကို “ချစ်တတ်သောနှလုံးသားဂွတ်ရှယ်ကြီး” တပြွတ်တခဲဖြင့် စိတ်ဝင်စားနေလိမ့်မည်ဟု ထင်ကို မထင်။
ခိုင်းကောင်းစေကောင်းသည့် ငပေတုံးကြီးတစ်ယောက်ရပဟဲ့ဟုဆိုကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရှာသည်။(တကယ်တမ်း . . မှတ်ကြီးက သဘောလည်းကောင်းရှာပါသည်) ကောင်မလေး တွေခမျာ ရပ်ကွက်ထဲကို ရောက်လာကာစ လူသစ်တွေလည်း ဖြစ်တော့ အကြောင်းကိစ္စတစ်စုံ တစ်ရာရှိတိုင်း
“ဦးမှတ်ရေ . . .ဦးမှတ်ရေ”
နှင့် ပါးစပ်ဖျားက မချအောင်ကို မှတ်ကြီးကို ရိုးရာကိုးကွယ်သည့် နတ်လိုတ,ကြသည်။ ဒါကို ပင် ငနဲသားက
“အင်း . . ၊ ဒင်းတို့ခမျာလေးတွေ ငါမရှိရင်တော့ ခက်ရှာချေရော့မယ်” ဟု ကရုဏာသက် ကာ တောက်တခေါက်ခေါက်၊ မျက်ရည်တဝေ့ဝေ့ဖြစ်လိုက်သေးသည်ဆို၏။
သို့ဖြင့် . . အနေကြာလာတော့ မှတ်ကြီး၏ရင်ထဲမှာ ဝေဒနာက နုရာမှရင့်၊ ရင့်ရာမှ အခေါက်ထူပြီး အပွေးပါတက်လာသည်။
တစ်ည . . .
မှတ်ကြီးက သူ့နှလုံးသားမိုလေ၀သအခြေအနေကို ပွင့်ပွင့်လင်းလင်းကြေငြာချက်ထုတ် တော့မည်ဟု ဆုံးဖြတ်ကာ အရက်ဆိုင်ဝင်ပြီး ရဲဆေးတင်၏။
ရဲဆေးကို အတော်ပင်လက်လွန်ခြေလွန်တင်ပစ်လိုက်မိပြီး လူမှန်းသူမှန်းမသိ၊ မူးလေတော့ သည်။ (ခါတိုင်းညတွေလည်း လူမှန်းသူမှန်း မသိအောင်မူးနေကျပါပဲ။ အဲသည်ညကတော့ အချစ် ၏ တန်ခိုးများကြောင့် သောက်နေကျထက် နှစ်ဆခွဲကျော်ကျော်လောက်ဆော်ထည့်လိုက်သည်ဟု ဆို၏)
ကောင်မလေးတွေနေသည့် အိမ်ကို တံခါးသွားခေါက်တော့ ညဆယ်တစ်နာရီခွဲနေပြီ။
“ဒေါက် . .ဒေါက်၊ ဒေါက် . .ဒေါက်”
“အေ့ . . တီတီ”
အာလေးလျှာလေးကြီးဖြင့် သီသီ့နာမည်ကိုပင် ပီပီသသမခေါ်နိုင်တော့။ ကောင်မလေးတွေ က အိပ်နေရာမှ ကမန်းကတန်းထလာကြပြီး။
“ဟင် . .ဦးမှတ်၊ အချိန်မတော်ကြီး . ..ဘာဖြစ်လာတာလဲ”
“ဦးမှတ် . . . အရက်တွေ တအားမူးလာတယ် ထင်တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် သောက်ရတာလဲ . .ဦးမှတ်ရယ်”
မှတ်ကြီးကတော့ ဘာစကားမှပြန်မပြောနိုင်တော့။ တံခါးဖွင့်ပေးလိုက်သည်နှင့် တပြိုင်နက် ရေချိုးခန်းဆီသို့သာ ယိုင်ထိုးယိုင်ထိုး ပြေးတော့သည်။
လက်ဆေးကြွေဇလုံမှာ ဦးခေါင်းကို ထိုးချလိုက်ပြီးနောက်။
“ဝေါ့ . .အော့ အော့၊ အေ့ . . ဝေါ . . ဝေါ”
“ဟယ် . . ဒုက္ခပဲ၊ ဦးမှတ် အန်နေပြီနဲ့တူတယ်”
“ဘယ်လိုလုပ်ကြမလဲ။ ငါတို့အိမ်ပေါ်မှာ သေသွားရင်ပြဿနာပဲ”
ကောင်မလေးနှစ်ယောက်က ဘာမှမလုတ်တတ် မကိုင်တတ်ဖြင့် ပြာယာခတ်ကုန်ကြသည်။
မှတ်ကြီးကတော့ ဘတ်စ်ကားအိုကြီး ၀မ်းဒလဟောလျောသလို တဗြီးဗြီး . . တဂွီးဂွီး . . တဝေါဝေါ . . သံစုံမြည်နေ၏။
တခြားအရက်သမားများ စိတ်ရှိလက်ရှိအန်ပြီးလျှင် အမူးရှိန်ပေါ့ကာ အနည်းငယ်သက်သာ သွားတတ်ကြသည်။ မှတ်ကြီးကတော့ အားပါးတရ ဘွင်းဘွင်းကြီးအန်ချလိုက်ပြီးနောက် ရေချိုးခန်းထဲမှ အပြင်သို့ လှးမ်ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ခွေခနဲလဲကျသွားလေတော့ သည်။
“ဟဲ့ . .အောင်မလေး၊ လုပ်ကြပါဦး။ ဦးမှတ် . . .သေသွားပြီလားမသိဘူး”
“ဦးမှတ် . . ဦးမှတ် . . .”
“ခေါ . . ခူလူး . . ခွီး . .ဖူး”
အချစ်နှင့်အတူ ပျံသန်းလာခဲ့သော မှတ်ကြီးကား ရေချိုးခန်းရှေ့ သံမံတလင်းပေါ်တွင် ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ မှေးစက်ပျော်လေပြီ။
*****
ကောင်မလေးနှစ်ယောက်က ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိဖြစ်ကြပြီး လမ်းထဲက ဆယ်အိမ်ခေါင်းကို သွားခေါ်ကြသည်။
ဆယ်အိမ်ခေါင်းရောက်လာတော့လည်း မှတ်ကြီးကို ဘယ်လိုမှနှိုး၍မရ။ အိပ်နေလိုက်သည် မှာလည်း ပိုးလိုးပက်လက်၊ ပုဆိုးတွေ ဘာတွေပင် ပြေလို့။ သွားရည်တွေကလည်း စီးကျလို့ . . ။
ပွေ့ချီထမ်းခေါ်ပြီး နေရာရွှေ့ဘို့ဆိုသည်ကလည်း ဗိုက်ရွှဲရွှဲမှတ်ကြီး၏ စဥ့်အိုးအငယ်စားခန့် ရှိသော ခနာကိုယ်ကို ဆယ်အိမ်ခေါင်းက မ,မနိုင်။ နောက်ဆုံးတွင်ကား . .အိပ်လို့ကောင်းနေ တုန်း အတင်းလာနှိုးသဖြင့် ထလိုက်လာခဲ့ရသော ဆယ်အိမ်ခေါင်းက စိတ်မရှည်တော့ပဲ . . .
“ကဲ . .ဒီကောင်ကြီးကို ဟောဒီမှာဘဲ ပစ်သားထားလိုက်ကြပါ . .ငါ့တူမတို့ရယ်။ ဒီ . . မှတ်ကြီးဆိုတဲ့ကောင်က ရူးတူးတူးပေါတောတော လုပ်တတ်တာကလွဲလို့ ညည်းတို့ကို အန္တာရာယ်ဖြစ်လောက်အောင်တော့ ဒုက္ခမပေးပါဘူး
ညည်းတို့အိပ်ခန်းကလည်း သော့နဲ့ဘာနဲ့ လုံလုံခြုံခြုံပဲဥစ္စာ။ အခန်းကို အတွင်းကနေသာ သော့ချပြီး အိပ်ကြ။ မနက်အိပ်ယာနိုးရင် ဒီကောင်ကြီးသူ့ဖာသာသူ ထပြန်သွားလိမ့်မယ်”
သည်လိုနှင့် မှတ်ကြီးတစ်ယောက် ရေချိုးခန်းရှေ့သံမံတလင်းပြင်တွင် အမေ့ရင်ခွင်မှာလို့ အပူပင်အကြောင့်ကြကင်းမဲ့စွာဖြင့် “တခူးခူး . .တခေါခေါ” အသံဆိုးကြီးများဟောက်ရင်း ကုလား သေကုလားမော အိပ်ခွင့်ရတော့သည်။
*****
အပြစ်ကဆိုးချင်တော့ . . ..
ရေချိုးခန်းအထွက် ကြမ်းပြင်ပေါ်မှာ ခြေသုတ်ဘို့ထမီအဟောင်းလေးတစ်ထည်ခေါက်ပြီး ချထားသည်။ ကိုယ်တော်မြတ်မှတ်ကြီးက မူးမူးဖြင့် အိပ်ရင်း ထိုထမီဟောင်းအခေါက်ပုံကို ဦးခေါင်းတင်ကာ အုံးစက်တော်မူ အုံးစက်တော်မူ၏။
ကြာလာတော့ အိပ်ပျော်နေရာက လူးရင်းလှိမ့်ရင်းနှင့် ထိုထမီက မှတ်ကြီး၏လည်ပင်းမှာ စွပ်နေလေတော့သည်။
(ထားတော့ . . .၊ ဒီ အထိလည်း ပြဿနာမရှိသေးဟု ပြောလို့ရသည်)
တကယ် ပြဿနာက . . မနက်မိုးလင်းမှ ပေါ်ခြင်းဖြစ်၏။
*****
မနက်အိပ်ရာကနိုးတော့ . . မှတ်ကြီးက သူ့လည်ပင်းမှာ ထမီကွင်းသိုင်းလျက်သား ဖြစ်နေ သည်ကို တွေ့လိုက်ရ၏။
ဟင် . .ဘာတွေဖြစ်ကုန်ပြီလဲ။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ (အအိပ်ကြမ်းသောကြောင့်) ပုဆိုးက ဟို့လို့ ဟောင်း လောင်း . . . .။
ဒါ . . . .ဒါဆို . . .။
မနေ့ညက ဒီအိမ်ကို ရောက်လာပြီး သီသီ့ကိုအတင်းနှိုးကာ တံခါးဖွင့်ခိုင်းခဲ့သည်ကို သူမှတ် မိသည်။ အဲဒီနောက်ပိုင်း သူဘာမှ မမှတ်မိတော့။
အခု နိုးလာတော့ သီသီ့ထမီက သူ့လည်ပင်းမှာ . . .။
သူ . . .ကိုယ်တိုင်ကလည်း အ၀တ်အစားတွေဖရိုဖရဲ . . .။
မှတ်ကြီး ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး အလန့်တကြားအတွေးတစ်ခုက ဗြုန်းဆို ဦးနှောက်ထဲရောက်လာသည်။
ငါ . .ငါဟာ လူမဆန်အောင် ယုတ်မာမိပြီ။
ဖြူစင်တဲ့ အပျိုစင်ပန်းပွင့်လေးတစ်ပွင့် ညစ်နွမ်းအောင် နင်းချေခဲ့တဲ့ တရားခံဟာ ငါပါလား။
ငါ . .မှားပြီ။ ငါ . . .မှားပြီ။
သူ့အတွေးနှင့်သူချောက်ချားပြီး မှတ်ကြီးတစ်ယောက် ဆောက်တည်ရာမရ ကြေကွဲနေ သည်။ ထိုစဉ် . . . .
“ကျွီ”
ခနဲ မြည်သံကြားလိုက်ရပြီး အိပ်ခန်းတံခါးပွင့်လာ၏။ ပြီးတော့ ဖြူဝင်းနုနယ်သည့် ခြေထောက်လေးတစ်ဖက် . . .။
သူ မော့ကြည့်လိုက်တော့ . . .သီသီ။
မှတ်ကြီး၏နှုတ်မှ စကားသံတစ်စွန်းတစ်စ အက်အက်ကွဲကွဲထွက်ကျလာ၏။
“သီသီ . .။ငါ့ကို . . ငါ့ကို . . .”
ငါ့ကို ခွင့်လွှတ်ပါ . . ဟု သူ့နှုတ်မှ ပြောမထွက်။ မိန်းကလေးတစ်ယောက်ကို အပျိုရည် ပျက်အောင် စော်ကားမိပြီဖြစ်သော သူ့ကိုယ်သူပင် ခွင့်မလွှတ်ချင်။
ဗြုန်းဆို . . .၊
မှတ်ကြီးက ၀ုန်းကနဲထပြီး အနီးဆုံးတိုင်ကို သူ့ခေါင်းဖြင့် ပြေးတိုက်လိုက်သည်။
“ဒုန်း”
“အီး . . ဟီး . .ဟီး၊ သီသီရာ . . ငါ့ကို နင်ပေးချင်တဲ့အပြစ်ပေးပါ၊ ငါ မှားသွားတယ် . . ငါဟာ . . ခွေး . .ခွေးဇာတ်ခင်းတဲ့ကောင်ပါ . . အီး . .ဟီး . .ရွှတ်”
ပြောလည်းပြော၊ ငိုလည်းငိုရင်း တိုင်ကို ဦးခေါင်းဖြင့် တဒိန်းဒိန်းဆောင့်ကာ ဆောင့်ကာ တိုက်၏။
သီသီကတော့ မှတ်ကြီး ဘာအဓိပ္ပါယ်ဖြင့် ပြောနေသည်ကို သဘောမပေါက်သောကြောင့် ကြောင်ငေးကြည့်နေ၏။
မှတ်ကြီးက တရှုံရှုံငိုရင်း . . .
“ငါကြောင့် . . . အဟင့် . .ရွှတ် . .နင် မနစ်နာစေရဘူး . .သီသီ ရွှတ် . .အဟင့် . .ငါ့ အမှားကို ငါတာဝန်ယူမယ် . .ရွှတ် . .ရှလူး . .ငါ နင့်ကို လက်ထပ်မယ် . .သီသီ”
“ရှင်၊ ဘုရား . .ဘုရား၊ မြတ်စွာဘုရား ကယ်တော်မူပါ”
ကောင်မလေး မျက်လုံးပြူးသွားပြီ . . .
“ဦးမှတ် . . .ရှင် ဘာတွေပြောနေတာလဲ။ ရူးများရူးသွားပြီလား မသိဘူး။ ဟင် . .လည်ပင်း မှာလည်း ခြေသုတ်တဲ့ထမီစုတ်ကြီး ကွင်းသိုင်းလို့ပါလား။ ဟုတ်ပါတယ် . . ရူးနေပါပြီ”
“ဘာ . .၊ ဒါ . .ခြေသုတ်တဲ့ထမီစုတ် . .ဟုတ်လား။ ဟင် . .ဒါဆို သီသီ့ထမီမဟုတ် . . မဟုတ်ဘူးပေါ့”
“ကြံ ကြီးစည်ရာရှင် . .ဘယ်က ဟုတ်ရမှာလဲ”
ငါဟာ . သောက်ပေါ၊ ငါဟာ . .သောက်ပေါ ပါလား ဟူသည့် အတွေးကို ဗြန်းခနဲတရားထူး ရသလို ကွက်ကွက်ကွင်းကွင်း မြင်သွားပြီး တစ်ခဏတွင် . . .
မှတ်ကြီးတစ်ယောက် . .နောက်ကြောင်းကိုပြန်လှည့်မကြည့်တော့ဘဲ ထိုအိမ်ပေါ်မှ လွှားခနဲ ဆင်းကာ သုတ်ခြေတင်လေတော့သည်။
*****
မှတ်ကြီးက ထူပြီး ထိုင်းပြီး ရှုပ်သည်။ ညီဆူးက ပြဿနာမွှေပြီး ရှုပ်သည်။ အခုတော့ . . အရှုပ်ထုပ်နှစ်ထုပ်သည် လူစုံ၊ စရိုက်စုံ စုဖွဲ့နေထိုင်ကြသော ရပ်ကွက်ကလေးတစ်ခုထဲသို့ ရောက် လာခဲ့ကြပြီ။
လူသည် . . . .
သူ့ပတ်ဝန်းကျင် (၁၈)လက်မ အတွင်းရှိ “လေ”ကိုသာ ရှူရှိုက်ကြောင်း သင်တို့ကြားဖူးပါ သလား။
မင်းခိုက်စိုးစန်

သူတို့ရပ်ကွက် သူတို့အကြောင်း(၄)


သူတို့ရပ်ကွက် သူတို့အကြောင်း(၄)
ကျွန်တော်တို့အိမ်ရှေ့မျက်စောင်းထိုး နှစ်အိမ်ကျော်တွင်နေသော ဦးအီစမိုင်နှင့် ဒေါ်ဟာစီးနားတို့လင်မယားက ကလေးတွေ တစ်ပြုံကြီးမွေးထားသည်။ ကျွန်တော့်စိတ်အထင် ပြောရလျှင် ခုနှစ်ယောက်လောက်ရှိမည်ထင်သည်။
စိတ်ထင်ဟုဆိုရခြင်းမှာ တစ်ခါမှ သေသေချာချာ မျက်စိဖြင့်တပ်အပ် ရေတွက်ကြည့်ခွင့်မရသောကြောင့် ဖြစ်၏။ စိတ်အေး လက်အေးတစ်ယောက်ခြင်း ရေကြည့်ခွင့်ရဘို့ကလည်း ခက်ခဲလိုက်သည့်ဖြစ်ခြင်း . . . ။
ဟော . . .တစ်ယောက်၊ ဟော . . . တစ်ယောက်ဆိုသလို ပြေးလွှားခုန်ပေါက်ပြီး အိမ်ထဲမှထွက်လာလိုက်ကြ၊ လှစ်ကနဲ လှစ် ကနဲပြန်ဝင်ပြေးသွားလိုက်ကြ၊ တစ်ယောက်ကိုတစ်ယောက် ကျော်လိုက်ကြ ခွလိုက်ကြနှင့် မျက်စိလည်စရာ . . အာရုံနောက်စရာ။ အကြီးဆုံးကလေးနှစ်ယောက်ကမှ လေးတန်းနှင့်သုံးတန်းအရွယ်၊ ကျန်တာတွေအားလုံးက ဘုစုခရုတွေချည်းဖြစ်ကြ၏။
ဒေါ်ဟာစီးနားနှင့် အိမ်ချင်းကပ်နေသည့် ဒေါ်သန်းတင်ကလည်း အားကျမခံ ကလေးခြောက်ယောက်မွေးထား၏။ အားလုံး မျောက်လောင်းလေးတွေချည်းပင်။ အငိုသန် အဆော့သန်နှင့် ကျွမ်းထိုးသူကထိုး၊ သစ်ပင်မှာ တွဲလောင်းခိုသူကခို၊ မသိလျှင် ဆပ်ကပ် အဖွဲ့ကြီး နယ်ပြောင်းလာသလားဟုပင် ထင်ရသည်။
သူတို့မိသားစုနှစ်စုနေရ ထိုင်ရသည်မှာလည်း ခြံဝင်းတစ်ဝင်းကို တစ်ဝက်ပိုင်းကာ ရောင်းထားသော ပေနှစ်ဆယ် ပေခြောက် ဆယ် မြေကွက်ထဲမှာ နှစ်အိမ်ကပ်ပြီး ဆောက်ထားခြင်းဖြစ်၏။ ဒီတော့ . . ခြံတွေ ဘာတွေလည်း သီးသီးသန့်သန့် ခတ်မနေနိုင်။ ဆယ်ပေမပြည့်တပြည့် အိမ်ခန်းဖွဲ့ထားရသော ၀ါးထရံချင်းပင် ထိလုခမ�န်းကပ်နေ၏။ ဒီဘက် အိမ်ခန်းထဲမှ တီးတိုးပြောသံကိုပင် ဟိုဘက်အိမ်မှ အတိုင်းသားကြားရသည်။
“ဟဲ့ . . မအေ . .၊ နှမ . . ၊ သေချင်းဆိုးလေးတွေ ငါ့မှာ စားဖို့သောက်ဖို့ လုံးပန်းရတာကတစ်ဖက် . . နင်တို့ကို ထိန်းရတာက တစ်ဖက်နဲ့ . . ဟင်း . .သေသာသေလိုက်ချင်တော့တာပဲ”
ဒါက မနက်စောစောတိုင်းမှာ ကြားရတတ်သော ဒေါ်သန်းတင်၏တစ်နေ့တာအစီအစဉ် အဖွင့်မင်္ဂလာသီချ�1��င်ဋ ဒေါ်သန်းရှင် က ဘာစကားပဲပြောပြော အဆဲလေးနှင့် ပြောတတ်သော ၀သီရှိ၏။
တစ်ခါကလည်း ကျွန်တော်တို့လမ်းထဲကို နွားနို့လာရောင်းလေ့ရှိသော ရာကွတ်ဆိုသည့် ငနဲကို ဒေါ်သန်းတင်က လှမ်းခေါ်ပြီး
“ဟဲ့ . . ရာကွတ်၊ ‘ . . . .’ တစ်ဆယ်သား ဘယ်ဈေးရောင်းသလဲ”
မေးတာကတော့ နွားနို့ဝယ်ဘို့ ဈေးမေးခြင်းသာဖြစ်သည်။ သို့သော် ဒေါ်သန်းတင်က “နို့” “နို့” ဟု ရိုးရိုးမပြောဘဲ သူ့ဝတီ အတိုင်း အဆဲကလေးဖြင့် “နင့်အမေ” ဟု အစချီပြီး ပြောချလိုက်လေရာ ရာကွတ်၏အကြားအာရုံထဲတွင် ထိုးထိုးတွန့်တွန့်ဖြစ်သွား ၏။
ရာကွတ်ကလည်း ဗမာရည်ကိုမွှတ်နေအောင် ပြောတတ်သော ငတိဖြစ်လေရာ . . .
“ဟရေး . . . အမား၊ ချွန်ဒေါ့်ကို ငရဲမပေးပါနဲ့ . .အမား။ ချွန်ဒေါ့်အမေကိုနော် . . ချွန်တော် . . ဘုရားနဲ့တစ်ဂိုဏ်းတည်းထား တယ်။ ဟောဒီမှာ . . နွားနို့နော် . . သောက်ရင်အားရှိဒယ်၊ ကောင်းဒယ်။ အမား ပြောတဲ့ဥစ္စာနော် . . ဟရေး . . တစ်ဝကြီးမကောင်း ဘူး အမား၊ စဉ်းစားပါဦး”
“ဟယ် . . သောက်ရေးထဲ၊ ကမ္မ၀ါဖတ်မယ့် ဒီ “အကောင်” က တစ်မျိုး၊ သွား . . .သွား၊ သေချင်းဆိုး . . ရိုးရိုးတန်းတန်း စဉ်းစားတာမဟုတ်ဘူး”
ဒေါ်သန်းတင်က သူ့စကားကို တည့်တည့်ကြီးအဓိပ္ပါယ်ကောက်ရလေမလားဟု ဒေါသအကြီးအကျယ်ထွက်ခါ နွားနို့မ၀ယ် တော့ဘဲ ရာကွတ်ကိုမောင်းထုတ်၏။
စကားလုံးဘာသာအပြန်မှားသော ရာကွတ်ခမျာကား မျက်စိကလေး ကြောင်ကလပ်ကြောင်ကလပ်ဖြစ်ကာ ခေါင်းကို ကုတ်ရင်း တရွေ့ရွေ့ခြေလှမ်းများဖြင့် ဆုတ်ခွာလေသည်။
အဲဒီမြင်ကွင်းကို ခြံရှေ့မြောင်းပေါ်ခွကာ ဆောက်ထားသော ခုံတန်းရှည်ပေါ်ထိုင်ရင်း ဂစ်တာတီးနေသည့် ကျွန်တော်တို့အုပ်စု ကမြင်တော့ ဟားကြ၏။ အစအနောက်သန်သည့် ပန်းချီဆရာကတော့ ရာကွတ်ကိုလှမ်းခေါ်ပြီး
“အဲဒါကြောင့် . . ဟိုစာရေးဆရာကြီးတစ်ယောက်ကပြောတာပေါ့ကွ၊ “အရမ်းဘာသာမပြန်နဲ့” . . . တဲ့ မှတ်ထား . . ရာကွတ်”
“ဟရေး . . ဘာပြောတာလဲ၊ နားမလည်ဘူး၊ ငါ . .ရူးပြီး၊ ငါ . . ရူးပြီ”
(ကျွန်တော်တို့ စာအုပ်သမားအချင်းချင်းလောက်သာ သိမည်ဖြစ်သည်။) အထာစကားကို ရာကွတ်နားမလည်။ စိတ်ရှုပ်စွာဖြင့် သူ့ဆံပင်တွေကို သူထိုးဖွရင်း နွားနို့ပုံးကိုဆွဲကာ ကျွန်တော်တို့နှင့်ဝေးရာဆီသို့ သုတ်ခြေတင်လေတော့သည်။
ကျွန်တော်တို့ကတော့ ရယ်လျက်မောလျက်၊
ဒေါ်သန်းတင်၏ ဆဲရေးသံကိုလည်း နားယဉ်ပါးလျက် . . . ။
တစ်မနက်ခင်းမှာတော့ ဒေါ်သန်းတင်ကို လူကိုယ်တိုင် မမြင်ရဘဲ အိမ်နောက်ဖေးဘက်ဆီမှ တစ်ချက်တစ်ချက်ထွက်ပေါ်လာ သော ဆဲသံကိုသာကြားနေရ၏။ မီးဖိုချောင်တွင် ချက်နေပြုတ်နေရင်း အိမ်ရှေ့သို့ ထွက်မလာနိုင်လောက်အောင် အလုပ်များနေ သည့်ကြားက မမေ့မလျော့ တာဝန်ကျေကျေ လှမ်းလှမ်းဆဲနေခြင်းဖြစ်၏။
ဆဲမည်ဆိုလျှင်လည်း ဆဲချင်လောက်စရာ။ အိမ်ရှေ့မြေကွက်လပ် ကျန်းကျန်းကလေးမှာ ကလေးတွေက ဗြောင်းဆန်အောင် ဆော့ကစားနေကြ၏။ တစ်လံသာသာလောက်ပင် မဝေးသော ဟိုဖက်အိမ်ခန်းမှ ဒေါ်ဟာစီးနား၏ ရင်နှစ်သည်းချာကလေးများက လည်း မျောက်ကလေးတွေပမာ ကမြင်းကြောထနေကြသည်မို့ ဒီဘက်က ဒေါ်သန်းတင်၏ “ချစ်စရာ့အရွယ်ကစားကြမယ်” ကလေး များက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို လက်ကိုင်ထားကာ မီးကုန်ယမ်းကုန် အပြိုင်အဆိုင် “ထကြွ” နေကြခြင်းဖြစ်ပုံရသည်။
အိမ်ရှေ့ခုံတန်းရှည်ပေါ်တွင် ထိုင်နေရင်း မကြည့်ချင်မြင်လျက်သားဖြစ်နေသော ကျွန်တော်ပင်လျှင် သက်ပြင်းကို သုံးမိနစ် တစ်ကြိမ်လောက်ချဖြစ်၏။
ဒဿဂီရိ၏ လင်္ကာဒီပကျွန်းကို မျောက်တွေတပ်နှင့်ချီပြီး စစ်သွားတိုက်စဉ်တုန်းက ယောက်ယက်ခတ်နေပုံမှာ ဒီလိုမျိုးပင်ဖြစ် လိမ့်မည်ဟုလည်း စိတ်မသက်မသာတွေးမိသည်။
သိပ်မကြာလိုက်ပါ။
“ဗြဲ . . ” ကနဲ အာခေါင်ခြစ်၍ ငိုကြွေးလိုက်သော ကလေးပေါက်စတစ်ကောင်၏ အသံကိုကြားရလေသည်။
ဆော့ရင်းကစားရင်း ကလေးတစ်ယောက်ယောက် ထိမိခိုက်မိသဖြင့် ငိုကြွေးလိုက်ခြင်းဖြစ်ပုံရ၏။ ကလေးငိုသံနှင့် မရှေး မနှောင်းမှာပင် ဒေါ်သန်းတင်၏ သူ့ကလေးကိုသူ ဆဲဆိုငေါက်ငန်းလိုက်သံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလေတော့ သည်။
“သေချင်းဆိုးလေး . .၊ ဘာဖြစ်ရပြန်ပြီလဲ။ နေဦး . . နေဦး . . ဒီမှာ ငါ ထမင်းအိုးငှဲ့ပြီးတော့မှ နင့်ကျောကို အရေဆုတ်ပစ်ရဦး မယ်”
ဆူပူသံကြောင့် ထင်သည်။ ကလေးငိုသံက ပိုကျယ်လောင်လာ၏။
ဒေါ်သန်းတင်က လူကိုယ်တိုင်ထွက်မလာသေးဘဲ နောက်တစ်ခွန်းထပ်ဆဲသည်။
“ဟဲ့ . . . ကမြင်းတုန်းက ကမြင်းပြီး ခုမှေ-ာက်သံပြဲနဲ့ ငိုမနေနဲ့။ ကျက်သရေမရှိဘူး၊ အခု တိတ်စမ်း”
ထိုအချိန်တွင် ဈေးဝယ်ရာမှ ပြန်ရောက်လာသော ဒေါ်ဟာစီးနားတစ်ယောက်ခြံပေါက်ဝထဲ လှမ်းဝင်ဘို့ပြင်စဉ်မှာ တုံ့ကနဲရပ် သွား၏။
“အီး . . ဟီး . . ဟီး . .၊ ၀ါး . .၀ါး”
ကလေးကတော့ စူးစူးဝါးဝါး ငိုဆဲပင်။
မီးဖိုချောင်ထဲမှာ ဒေါ်သန်းတင်ကလည်း
“တယ် . .၊ ဒီ ဖေ- မသားလေးဟာ၊ တိတ်ဆိုတိတ်မဟုတ်ဘူး၊ မွေးကတည်းက သနေကိုယုတ်တယ်”
“အီး . . .အီး . . ၀ါး . .ဟင့် . .ဟင့်”
ကလေးက စီစီညံအောင် ငိုကြောရှည်နေမြဲ။ ခြံဝမှာရပ်နေသော ဒေါ်ဟာစီးနားကလည်း မျက်လုံးကြီးပြူးလျက်။
မဆုံးနိုင်အောင် ရှည်လျားတော်မူသော ကလေး၏ ငိုချင်းသံကို နားကြားပြင်းကပ်လာသော ဒေါ်သန်းတင်က
“ဟဲ့ . . အလေနတောကလေး၊ တစ်ခါတည်း သေသွားရင်လည်း အေးတာပဲ၊ေ-ာက်ငိုကြောက ရှည်လိုက်တာ၊ ကာလနာ တိုက်ပါစေတော်”
ဒေါ်သန်းတင်၏ ပိုးစိုးပက်စက် ဆဲသံဆိုသံအဆုံးမှာပင် ခြံဝရှိ ဒေါ်ဟာစီးနားက ထမီတိုတိုပြင်ဝတ်လိုက်တာ အင်္ကျီလက် မောင်းကို ပင့်တင်ရင်း ခုနှစ်သံချီဟစ်၍ . . .
“အိမ်ထဲကနေ ယုတ်ယုတ်မာမာဆဲနေတဲ့ အယုတ်တမာ မိသန်းတင်ရဲ့၊ ဟင် . . နင် သတ္တိရှိရင် အခုချက်ချင်း အိမ်ထဲကထွက် ခဲ့စမ်း”
ဒေါ်ဟာစီးနား၏ ဒေါသနတကြီးစိန်ခေါ်သံကြောင့် ဒေါ်သန်းတင်ကလည်း လက်ထဲမှ ထမင်းအိုးကိုဆောင့်ခနဲ ပစ်ချပြီး ထရပ် လိုက်၏။
“ငါ့ ကလေးကို ငါဆူတာ ဘယ်ကောင်မကကြားထဲက ၀င်ပြီး အကဲဆတ်နေရတာတုန်း”
ဟူသည့် အတွေးဖြင့် ဒေါသထောင်းထောင်းထပြီး
“စိန်ခေါ်နေတာ ဘယ်ကကောင်မလဲ၊ သန်းတင်တဲ့ . . ငါ့လက်ဝါးက ပါးမရွေးဘူးနော်”
ပြောပြောဆိုဆိုဖြင့် ဒေါ်သန်းတင်က အိမ်ရှေ့ဆီသို့ လွှားခနဲခုန်ထွက်လာ၏။ အသင့်စောင့်နေသော ဒေါ်ဟာစီးနားကလည်း
“လာစမ်းပါ . . လာစမ်းပါ။ ဟောဒီကလည်း . . ငါ့ကလေး သူ့ဖာသာသူ ငိုတာကို အသားလွတ်ဆဲတဲ့ မိန်းမလူစွမ်းကောင်း ကြီးကို ပါးရိုက်ချင်လွန်းလို့ . . .”
“ဟိုက် . . .”
ဒီတော့မှပင် . . . ဒေါ်သန်းတင်လည်း ငိုနေသည့်ကလေး ဘယ်သူဘယ်ဝါဆိုသည်ကို သေသေချာချာကြည့်မိတော့သည်။
စင်စစ် . . ငိုနေသည်က သူ့ကလေးမဟုတ်။
ဒေါ်ဟာစီးနား၏ကလေး ငိုနေခြင်းသာဖြစ်၏။ အိမ်ခန်းချင်းက ပူးကပ်လွန်းနေတော့ ဟိုဖက်အိမ်က ငိုတာလား။ ဒီဖက်အိမ်က ငိုတာလားဆိုတာကိုလည်း အကွာအဝေးဖြင့် မှန်းဆ၍မရ။
ပြီးတော့ . . . .
မြန်မာကလေးလေးပဲဖြစ်ဖြစ်၊ ကုလားကလေးပဲဖြစ်ဖြစ် . . ငိုသည့်အခါတွင်တော့ အသံချင်းက အတူတူပဲမဟုတ်လား။
* * * * *
ဒေါ်သန်းတင်တစ်ယောက် မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားပွင့်သွားသည်။ သူ့ခမျာ ကလေးချင်းမှားပြီး ဆဲမိပြီဆိုသည်ကို သဘောပေါက်လိုက်မိချိန်တွင် ပြန်လည်ပြင်ဆင်ရန် အများကြီး နောက်ကျသွားခဲ့ပြီ။
ဒေါ်ဟာစီးနားက ထမီစ အနားနှစ်ဖက်ကို ဆတ်ခနဲမတင်လိုက်ရင်း
“ငါ့ကလေးက ငိုနေတာကို ညည်းက ဘာကိစ္စသနေယုတ်သလေး ဘာလေးနဲ့ ဆဲရအောင် ညည်းကတော့ ဘယ်လောက် တောင် သနေကောင်းနေလို့လဲဟဲ့ . . ကောင်မရဲ့”
“နင့်အကြောင်း ငါမသိဘူးများမှတ်နေလို့လား၊ နင်ဟာ . . .”
ဒေါ်ဟာစီးနားကား ဒေါ်သန်းတင်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်လေပြီ။ အရှက်ကွဲလေပြီ။ ဒီတော့ ဒေါ်သန်းတင်ကလည်း ငုံ့ခံ နေ၍မဖြစ်တော့။ အဆဲကို အဆဲချင်း၊ အကွဲကို အကွဲချင်းတုံ့ပြန်ရာမှ နောက်ဆုံးတွင် လက်ရုံးအားကိုးကြလေတော့သည်။
ဆံပင်ကိုဆွဲကြ၏။ ပါးကိုရိုက်ကြ၏။ ကုတ်၏။ ကိုက်၏။ ဆောင်၏။ ကန်၏။ ဘယ်ဒူး ညာဒူးသုံး၏။ ပတ်တံတောင် ပင့်တံတောင် ရိုက်၏။ ၀ိုက်၏။ ထိုး၏။ ခြေစုံပစ်ဝင်၏။ လှိမ့်ရှောင်၏။ အနီးကပ်၍ တွတ်၏။ လက်ဖျံဖြင့်ကာ၏။ ခုန်ကာ ကုပ်ပိုးကိုထောင်း၏။ ခေါင်း ချင်းတိုက်၏။ ညိုသကျည်းကို ဖြတ်ရိုက်၏။
ရပ်ကွက်ထဲက လူတွေက ရုတ်တရက်မို့ ဖျန်ဖြေဘို့သတိမရ။ တဟားဟားရယ်လို့သာ နေကြလေတော့၏။
(ဒေါ်သန်းတင်၏ ယောက်ျားဦးမောင်ဝမ်းတစ်ယောက် အရပ်ထဲတွင် ဇာတ်ပွဲကသည့်အကြောင်းကိုလည်း စကားစပ်မိလျှင် ပြောပြရပါဦးမည်။)
မင်းခိုက်စိုးစန်

သူငယ်ချင်း

သူငယ်ချင်း

ဒိုင်နိုဆော ကို နှစ်ပိုင်းခွဲလျှင် ဒိုင်နို-ခွန်အားကြီးမားသော၊ ဆော( ဆောရပ်စ် ဆိုတဲ့စကားကလာတာ) အိမ်မြှောင် ဟူ၍ရသည် … ခွန်အားကြီးသောအိမ်မြှောင်ကြီးများသည် ကမ္ဘာကို နှစ်သန်းပေါင်း ၁၆၀ အုပ်စိုးသွားခဲ့ဖူးသည် …။ယခု ဒိုင်နိုဆောများ မျိုးတုန်းသွားပြီဖြစ်သည် …။ကြီးကျယ်ခမ်းနားသည်ဟု မိမိကိုယ်မိမိ အယူရှိသည့် လူသည် ဒိုင်နိုဆောနှင့်ယှဉ်လျှင် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင်သိသိသာသာ အားနည်းနေပြီး အချင်းချင်းရန်လိုမှုနှင့် လောဘစိတ်တွင် သိသိသာသာ အားကောင်းနေသည်။ ယခု လူသားများသည် နယူကလီးယား စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီဟူ၍ ဂုဏ်ယူနေကြသည် …။ သို့သော် မိမိတို့၏ စိတ်ကို နိုင်နင်းစွာ ထိန်းချုပ်နိုင်ပြီဟု အာမမခံနိုင်သေး …။ တစ်ချိန်ချိန်တွင် စစ်ပွဲတွင် အသုံးမပြုရန် ကန့်သတ်ထားသော နယူကလိယ ထိပ်ဖူးတပ် ဒုံးကျည်များ ကမ္ဘာ့လေထုထဲတွင် ၀ဲပျံလာနိုင်သေးသည် …။ လူသည် အချင်းချင်းစိတ်မချရတော့သည့် စိုးရိမ်ရေမှတ်သို့ တရွေ့ရွေ့ချဉ်းကပ်လာသည်။ မသေချာမှုများဖြင့် ချိန်သီးအလွှဲကြမ်းလာသော ရာစုသစ်ထဲတွင် … လူသားအားလုံး စိုးရိမ်မှုတစ်ခုစီမက ရှိနေကြသည်။ မသေချာမှုများထဲတွင် တစ်ခုခုကိုတော့သေချာလိုက်ချင်သည်။ ခရစ်ဝင်ကျမ်းများအဆိုအရ ဘုရားသခင်သည် လူကို ဖန်ဆင်းချိန်တွင်မြေကြီးကို အသုံးပြုခဲ့သည်။ ထို့ကြောင့်ဖြစ်နိုင်သည် … မကြာမကြာ ဗွက်ထနေသော စိတ်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားကြသည်။ ထိုစိတ်သည် တစ်ခုခုကိုလိုအပ်နေတတ်သည် …။ မတည်ငြိမ်သော လောကတွင် တစ်ခုခုကို ယုံကြည်လိုက်ချင်သည်။ … တစ်ယောက်ယောက်ကို စိတ်ချထားချင်သည် …။ ထိန်ချန်ထားရန်မလိုသော နားတစ်စုံကို လူသားတိုင်း လိုချင်ခဲ့ကြသည် …။ မိမိကိုယ်မိမိ ထက်နားလည်ပေးနိုင်မည့်သူတစ်ယောက်ကို ရှာဖွေချင်စိတ်သည် … ဘုရားသခင်၏ မြေကြီး မသန့်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်…။
တစ်ယောက်ကိုတစ်ယောက်ကနားလည်လျှင် အနည်းဆုံးစိတ်ချမ်းသာရမည်ဟု လူသည်တွေးတောလာသည်။ ထိုကြောင့် တွေ့ရှိသမျှ ပရိုင်းမိတ်များသည် အစုအဖွဲ့နှင့်နေ၍ အစုအဖွဲ့နှင့်သာသေကြသည်။ ကမ္ဘာဦးလူသည် ပထမဆုံး သူငယ်ချင်းကို တင်းပုတ်ဖြင့် ရိုက်မိကောင်းရိုက်မိနိုင်သည်…။ သို့သော် သူ၏ မညီညာသေးသော သွားများဖြင့် ရယ်ပြဖို့ ကြိုးစားခဲ့မည်မှာသေချာသည်။ အမွှေးအမျှင်ထူထပ်သော လက်များဖြင့် တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ကာ မပီမသ အော်ဟစ်ကြွေးကြော်ရင်း ပျော်ခဲ့ကြမည်မှာသေချာသည်။ သူငယ်ချင်းဟူသော ဝေါဟာရသည် နှလုံးခုန်သံများကို ပျော်ရွှင်စေသာ ဂုဏ်သတ္တိရှိခဲ့သည်ဟု ယူဆရသည်။ ဂူအောင်းလူသည် သူ့သူငယ်ချင်းပုံကို ကျောက်တုံးနှင့်ဆွဲပြီး တဟားဟားရယ်နေမည်ဟု မသေချာသော ကောက်ချက်ကို တွေးတောခြင်းဖြင့်သာ ခိုင်ခိုင်မတ်မတ် လက်ခံမိသည်။
ရာဇ၀င် အဆက်ဆက်တွင် သူငယ်ချင်းကောင်းများသည် ရှားပါးခဲ့ကြသည်..။ အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရသည်ဟုသာရှိသည်။ သူငယ်ချင်းကောင်းတစ်ယောက်ရရန် အသက်သည် အာမခံချက်တစ်ခုမဟုတ်ပါ..။ တစ်ချို့သူငယ်ချင်းများသည် ကျောင်းနေဖက်များသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများသည် လုပ်ဖော်ကိုင်ဖက်မျှသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများသည် မေးထူးခေါ်ပြောသာဖြစ်ပြီး တစ်ချို့သူငယ်ချင်းများသည် လမ်းတွေ့လျှင်ပြုံးပြရုံသာဖြစ်သည်။ တစ်ချို့သူငယ်ချင်းများဆီသို့ နာရေးကိစ္စမှအပ သွားရန်မလိုအပ်ပါ။ကိုယ့်နှလုံးခုန်သံဖြင့် အသက်ရှူနေသော သူငယ်ချင်းတစ်ယောက်ကို သင်ရချင်ခဲ့ပါသလား …။ သင်ငိုနေလျှင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနားလည်ပေးနိုင်သော သူငယ်ချင်းတစ်ယောက် သင်တွေ့မိခဲ့ပါသလား …။ သူ့ကိုယ်သူထက် သင့်ကို ပိုစိတ်ပူတတ်သော သူငယ်ချင်းတစ်ယောက်၏ တန်ဖိုးကို သင်မည်သို့သတ်မှတ်ပါသလဲ …။ သူငယ်ချင်းဆိုသည်မှာ အဓိပ္ပာယ်ဖွင့်ဆိုစရာတစ်ခုမဟုတ်ဘဲ ခံစားနားလည်ရသော တေးသီချင်းတစ်ပုဒ်သာဖြစ်သည်။
လိုနေတဲ့အချိန်မှာရှိမှ သူငယ်ချင်း ဆိုတဲ့စကားပုံကိုမယုံကြည်ပါ။ သူငယ်ချင်းဆိုသည်မှာ သူ့အလုပ်နှင့်သူသာဖြစ်၍ ကိုယ်လိုနေချိန်တိုင်းရှိချင်မှရှိပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ စာခြောက်ရုပ်တစ်ရုပ်လို တစ်နေရာထဲတွင်အမြဲရပ်တန့်နေသောသဘောမရှိဟုယူဆပါသည်။ ငယ်တုန်းက ခင်မင်ခဲ့ခြင်းမှာ တစ်သက်လုံးဆက်လက်ခင်မင်နေမည်ဟူသော ကတိက၀တ်တစ်ခုမဟုတ်ခဲ့ပါ…။ သူငယ်ချင်းများသည် ရာသီဥတုလို ပြောင်းလဲတတ်သည် …။ သူငယ်ချင်းများသည် ဗြဟ္မစိုရ် တရားလိုခေါင်းပါးတတ်သည်။သူငယ်ချင်းများသည် ၀ိုင်ပုလင်းများလို နှစ်ချို့လေ တန်ဖိုးကြီးလေဟု တစ်ထစ်ချမယူဆခဲ့ပါ …။ သံပုရာသီးများလို ကြီးလေချဉ်လေလည်းဖြစ်သွားနိုင်ပါသည်။ ထင်မြင်ယူဆချက်များမှားယွင်းသွားကြသည်မှာ ကျွန်ုပ်တို့သည် တန်ရာတန်ကြေးမပေးဘဲ အလကားရချင်သောကြောင့်ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို လိုအပ်သည်ထက်ပို၍ စိတ်ချမိသောကြောင့်လည်းဖြစ်နိုင်သည်။
သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ်ဖို့လိုသည် ဟူသောစကားမှာရယ်စရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူငယ်ချင်းကောင်းများမရရှိခဲ့ဖူးသောကြောင့် ကိုယ်တိုင် မည်သို့ သူငယ်ချင်းကောင်းဖြစ်အောင်ကြိုးစားရမည်ဟု မသိခဲ့ကြသောကြောင့်ဖြစ်သည်။ မဆိုးသော သူငယ်ချင်းများကို သူငယ်ချင်းကောင်းဟု ခေါ်နိုင်ပါသလား။ ထိုမေးခွန်းသည် ရယ်စရာမကောင်းကြောင်း သင်လည်းသိပါလိမ့်မည်။
သူငယ်ချင်းကောင်းဆိုသည်မှာ လိုအပ်ရင် အသက်ပေးသည်ဟု ပြောကြသည်။ အသက်ကိုပေးလိုက်ရခြင်းမှာ သိပ်အပန်းမကြီးလှပါ။ အကယ်၍ တစ်ချိန်တွင် အသက်တစ်ခုပေးလိုက်ရုံမျှဖြင့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခွင့်ရှိမည်ဆိုလျှင် ကျွန်ုပ်အား အကြောင်းကြားစေလိုပါသည်။
သူငယ်ချင်းတစ်ယောက်၏ အပြုံးသည် စံပယ်ပန်းတစ်ပွင့်ထက် ဖြူစင်မွှေးမြသည်ဟူသော အဆိုကို ကျွန်ုပ်က လက်ခံမိသည်။ နေ့တိုင်းအရိပ်တကြည့်ကြည့်စိုက်ပျိုးထားသော အပင်လေးတစ်ပင် အပွင့်ပွင့်လာတိုင်း ၀မ်းမြောက်တတ်သူများသည် အပင်သေသွားသောအခါ ငိုရတတ်သည်။ ကျွန်ုပ်သည် နှလုံးသွင်းမှားခဲ့သော ဥယျာဉ်မှုးတစ်ယောက်ကို မလှောင်ပြောင်ရက်ပါ။ သေဆုံးသွားသော ပန်းပင်လေးတစ်ပင်သည် သူ့ဘ၀၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။ ထွက်ခွာသွားသော သူငယ်ချင်းအတွက် ကျွန်ုပ်လုပ်နိုင်သည်မှာ မေတ္တာပို့သည့်အခါ မသိမသာ မေ့လျော့ထားလိုက်ရန်ဖြစ်သည်။ သို့သော် ဤကိစ္စသည် မဖြစ်နိုင်မှန်း အားလုံးသိပြီးသားဖြစ်သည်။
မိမိစိတ်ကို မသိသူတစ်ယောက်သည် သူတစ်ပါးကို နားလည်ရန်မဖြစ်နိုင်ပါ။ အထင်မှားခြင်းတစ်ခုသာဖြစ်ပါလိမ့်မည်။ စိတ်ချမ်းသာချင်သူသည် အပူများအနားသို့မလာပါ …။ ဝေးဝေးမှာအေးအေးနေပါလိမ့်မည်။ ထိုသို့နေခြင်းမှာ သူ့ကိုယ်သူနားလည်သောကြောင့်သာဖြစ်သည်။ သူသည် ပူလောင်မှုများကိုသာ မုန်းတီးတတ်သော်လည်း အပူကိုသယ်ဆောင်လာသူများကို မမုန်းတီးတတ်ပါ။ သူသည် သူငယ်ချင်းတစ်ယောက်ကို အသက်ရှူရန်ကိစ္စတစ်ခုလို လိုအပ်နေခဲ့ပြီး သူလိုအပ်သော အသက်ရှူကိရိယာအတွက် သူ့တွင် ကံတရားအလုံအလောက်ပါမလာခြင်းမှာ ပါရမီနုံနဲ့မှုတစ်ခုသာဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့အတွက် ငိုကြီးချက်မဖြစ်နေလောက်အောင် သူလည်းမအား။ ထို့ကြောင့် သူငယ်ချင်းကောင်းတစ်ယောက်ကို ရခြင်းမရခြင်းမှာ ကံတရားနှင့်ဆိုင်သည်ဟု သူတွေးခဲ့သည်။ ထိုအယူအဆအတွက် ကျွန်ုပ်က သူ့ကို နားမလည်နိုင်ခဲ့ပါ။ သတ္တ၀ါတစ်ခု ကံတစ်ခုဟုပြောနေသူသည်ပင် ထိုစကားလုံးကို ပြောခါနီးစဉ်းစားချိန်တွင်ကံတစ်ခု ၊ ပြောလိုက်ချိန်တွင် ကံတစ်ခု … စုစုပေါင်း ကံနှစ်ခု လုပ်ပြီးနေပြီဖြစ်၍ သူ့ အဆိုကို သူ့ အဖြစ်အပျက်က ပြန်ချေပနေသလိုဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် … အတိတ်ကံကို စကားထဲထည့်ပြောရလောက်အောင် ယုံကြည်သူတစ်ယောက်ဖြစ်မလာခဲ့ပါ….။ သူငယ်ချင်းတစ်ယောက်ကို နှစ်ပေါင်း မည်မျှရှာလျှင်တွေ့မည်ဟု သင်ယူဆပါသလဲ။ ဘုရားသခင်ကိုယ်တော်တိုင်မရှိခဲ့သော သူငယ်ချင်းတစ်ယောက်ကို လူက ပြန်ရှာနေခြင်းမှာ အနည်းငယ် စွန့်စားခန်းဆန်နေနိုင်သည်။ သို့သော် ဘုရားသခင်သည် ကံဆိုးသူတစ်ယောက်ဖြစ်ပြီး သင်သည်ကံကောင်းသူတစ်ယောက်လည်းဖြစ်နေနိုင်ပါသေးသည်။
ထီပေါက်စဉ်နှင့်တိုက်ပြီးမှ စိတ်ပျက်လက်ပျက် လွှင့်ပစ်လိုက်ရသော ထီလက်မှတ်များလို ကျွန်ုပ်တို့သည် မျှော်လင့်သလို မဖြစ်ခဲ့ခြင်းအတွက် သူငယ်ချင်းများကို လွှင့်ပစ်ခဲ့သည်။ ထို့အတွက် မည်သူမှ တခုတ်တရ နောင်တမရခဲ့ကြ …။ ဟန်ဆောင်ပန်ဆောင်လေးပင် မလုပ်နိုင်ကြဘဲ တစ်ခါတည်း လွှင့်ပစ်လိုက်သည်မှာ ကျွန်တော်တို့၏ တန်ရာတန်ကြေးထက်ပို၍ အဆပေါင်းများစွာမျှော်လင့်ခဲ့သော နှလုံးသွင်းမမှန်ကန်မှု ပြင်းအားများကြောင့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ပင်စိုက်ပျိုး၍ ပန်းသီးများ၊ သစ်တော်သီးများ၊ မာလကာသီးများနှင့် ဖရဲသီးများ သီးပွင့်ပြီးသကာလ စပျစ်သီးမသီးလာ၍ ခုတ်လိုက်သူများလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် သင်သည် စိုက်ပျိုးသလောက်ရိတ်သိမ်းပြီးသားသူတစ်ယောက်ဖြစ်နိုင်သေးသည်။
သူငယ်ချင်းဆိုသည်မှာ ခပ်ဝေးဝေးမှ သူစိမ်းများသာ ဖြစ်လာခွင့်ရှိသော ရပိုင်ခွင့်တစ်ခုမဟုတ်ပါ။ သင့်ကိုနားလည်သော အဖေသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။ သင့်ကိုနားလည်သောအမေသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။ ထိုအခါ သူငယ်ချင်းများထံမှရော မိဘထံမှပါ သင် မုန့်ဖိုးရနိုင်ပါလိမ့်မည်။ သူငယ်ချင်းဆိုသည်မှာ သင်သိပ်ချစ်သော ချောကလက် အမည်ရှိသည့် ခွေးမလေးတစ်ကောင် ဖြစ်နေနိုင်ပါသည်။ သူငယ်ချင်းဆိုသည်မှာ ဘော်ဂီအမည်ရတဲ့ ငါးကလေးတစ်ကောင်လည်းဖြစ်ကောင်းဖြစ်နေနိုင်ပါသည် …။ အနည်းဆုံးသူ့ကိုတွေ့လို့ သင်ပြုံးရသည်ဆိုလျှင် သူသည် သင့်သူငယ်ချင်းဖြစ်လာနိုင်ပါသည်။
အခါတပါးက တရားကျင့်တဲ့ရဟန်းတပါးက တရားထူးအသိအမြင်ကိုရတဲ့နောက်မှာ သူတရားရှုမှတ်နေကြ နေရာက သစ်ပင်လေးကိုပြောတယ် … အစစအရာရာအတွက် ကျေးဇူးပါကွယ်တဲ့ …။ ကျွန်ုပ်လည်း တခါတလေ ထိုစကားလုံးကို ကျက်မှတ်ထားမိသည်။ သို့သော် အခုအထိ မပြောရသေးသည်မှာ သူငယ်ချင်းဟူသော သတ္တ၀ါများသည် ၂၁ ရာစုမတိုင်မီ မျိုးသုဉ်းသွားခဲ့သောကြောင့်လည်းဖြစ်ကောင်းဖြစ်မည်။ ကျွန်ုပ်သည် နေရာမှားရောက်လာသော သစ်စေ့တစ်စေ့လို ကျောက်မျက်နှာပြင်ပေါ်တွင် အမြစ်စွဲဖို့ ရူးသွပ်နေသူတစ်ယောက်ဖြစ်နိုင်ပါသေးသည်။
သူငယ်ချင်းများသည် ဘုရားသခင်ကပေးသောလက်ဆောင်ဟူသော စကားကိုပြောခဲ့သူကို ထိုင်ထ အကြိမ်ငါးဆယ် ဒဏ်ပေးချင်သည်။ မရှိသော အရာကို ပေး၍မရကြောင်း သက်သေမပြချင်တော့ပါ …။ အနည်းဆုံး ထိုသူသည် လူစီဖဲဆိုသော ရုပ်အချောဆုံးနတ်သားအကြောင်းကို တီးကြည့်ခေါက်ကြည့်ဖို့လိုပါမည်…။ ထို လူစီဖဲသည်ပင်လျှင် စာတန်ဖြစ်လာသည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ ပြတ်စဲပြီးသား သူငယ်ချင်းတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သည်။
စီစီဖာ့ထ် လှိမ့်တင်လိုက်သော ကျောက်တုံးတစ်တုံးစာ အဓိပ္ပာယ်ရှိခဲ့သော သံယောဇဉ်များစွာဖြင့် ခင်မင်ခဲ့ခြင်းများသည် ဒီနေ့ဒီအချိန်တွင် နေရာရှုပ်လာသော သတင်းစာဟောင်းတစ်ခုထက်မပိုတော့ပါ။ ထို့ကြောင့် ဖြစ်ပြီးပျက်သွားသမျှသည် အကြောင်းတစ်ဝက် အကျိုးတစ်ဝက် တိတိကျကျ ရှိနေသည်ဟု မပြောနိုင်တော့ပါ။ အကြောင်းများသည် သေးငယ်သော ရာခိုင်နှုန်းများစုပေါင်းထားခြင်းဖြစ်ပြီး အကျိုးများသည် ကြီးမားသာပြဿနာတစ်ခုကို လုံလုံလောက်လောက်ဖြစ်စေခဲ့ပြီဖြစ်ပြီ …။ ၁၀၀၀၀၁ ကြိမ်မျြောက် ထုနှက်ချက် တစ်ခုထဲကြောင့် ကျောက်ဖျာကွဲအက်သွားခြင်းမဟုတ်ပါ .. ရှေ့မှ အကြိမ် ၁၀၀၀၀၀ ကိုလစ်လျူမရှုလိုက်ပါနှင့် …။
နောင်အခါလာ နောင်အခါဈေးဟုတွေးမိသွားချိန်တွင် … ကျွန်ုပ်သည်တော်တော်စိတ်ချမ်းသာလာပါသည်။ သူငယ်ချင်းများနှင့်ပတ်သက်၍ ကံမကောင်းခဲ့သူတစ်ယောက်သည် သူငယ်ချင်းများနှင့်မပတ်သက်၍ ကံကောင်းခဲ့သူတစ်ယောက်ဖြစ်လာသည်ဟု မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုမည်မဟုတ်ပါ။ ထိုသို့မယုံကြည်၍သာဖြစ်သည်။ လစ်ဟာသွားသော သူငယ်ချင်းများနေရာတွင် ကျွန်ုပ်သည် တစ်ခုခု အစားထိုးတပ်ဆင်ကြည့်ရန် စိတ်ကူးမရှိခဲ့ပါ။ ထိုနေရာသည် နှလုံးသားဖြစ်၍ အစားထိုးပစ္စည်းတစ်ခုကို လက်ခံနိုင်မည်မဟုတ်ပါ…။
မီးစင်ကြည့်ကထားသော နေ့စွဲများသာများသထက်များလာခဲ့သည်။
ကျွန်ုပ်သည် လုံလောက်စွာသော အချိန်တစ်ခုသို့ဆိုက်ရောက်ခဲ့သည် …။
လစ်ဟာနေသော နေရာကို စိတ္တာနုပဿနာ အလင်းရောင်ဖြင့် ကြည့်မိသည် …။
ထိုနေရာတွင် သူငယ်ချင်းများရှိမြဲရှိနေကြသေးသည် …။
ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ရေလိုက်လွဲခဲ့သော ငါးတစ်ကောင်ဖြစ်ကြောင်းနားလည်မိသွားလေသည်…။ ။
Zephyr

ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ ရေးသူ-လူထုဦးလှ

ဒေါ်အမာ
လူထုသတင်းစာတိုက်
မန္တလေး။
ရန်ကုန်ဗဟိုစံပြထောင်
၃-၂-၅၄ မာ,
ဇန္န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်ကို ချောချောမောမော ရောက်ပါတယ်။ ကိုယ်တို့ စီးလာတဲ့ လေယာဉ်ပျံကလဲ တရားခံတယောက် ပါလာတယ်ဆိုပြီး ၀ူးဝူး ၀ါးဝါး မလုပ်ပါဘူး။ တလျှောက်လုံး သဘောကောင်းပါတယ်။ လေယာဉ်ပျံကြီးက သက်မဲ့ သတ္တ၀ါမို့လား? ရာသီဥတုက ကောင်းလို့ဘဲလား? အကြောင်း ၂ ခုလုံးကြောင့်ဘဲလား? ၂ ခုလုံးကြောင့် ဖြစ်ပါလိမ့်မယ် ထင်တယ်၊ ငြိမ်လိုက်တဲ့ လေယာဉ်ပျံ။

မင်္ဂလာဒုံလေဆိပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့သား ၂၀၀ လောက်က ပန်းစည်းတွေ, ဘာတွေနဲ့ ဆီးကြိုနေကြတယ်။ ၁၉ ရက်နေ့ကလဲ တကြိမ် လာကြိုကြသေးသတဲ့၊ အဲဒီနေ့က ဆိုရင် လူ ၃၀၀ လောက် ရှိတယ်တဲ့၊ ၀မ်းနည်းထိခိုက်တဲ့ မျက်နှာများနဲ့ ပန်းစည်းများ ကိုယ့်ကို ပေးကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ ကိုယ့်ကို လွှတ်ပေးဘို့လဲ ကြွေးကြော် ကြတယ်။ စုံထောက်အရာရှိ ၄, ၅ ယောက်ကလဲ တာဝန်အရ လာစောင့်နေကြရတယ်။ ရန်ကုန်က လာကြိုကြတဲ့ လူတွေကို ကြည့်ပြီး မန္တလေးလေဆိပ်မှာ မိဘဆွေမျိုးတွေနဲ့ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးဘက်တော်သား ၃, ၄ ရာနဲ့ သတင်းစာဆရာတွေ၊ ဦးမူတို့လို မိတ်ဆွေတွေ လိုက်ပို့တာကို ပြန်မြင်နေမိတော့တယ်။ ချမ်းမြသာစည် လေဆိပ်ရောက်တော့ မင်းက ကိုယ့်နားမှာ ထိုင်ပြီး မှာချင်တာတွေ မှာလိုတဲ့အခါမှာ စုံထောက်အရာရှိတဦးက ဘာများပြောမှာပါ လိမ့်ဆိုပြီး၊ တို့ ၂ ယောက် စကားပြောတာကို အတင်းဝင်နားထောင်တာတွေ၊ မင်းဟာ သတ္တိကောင်းတဲ့ မိန်းမဖြစ်ပြီး၊ ကိုယ့်ကို ရန်ကုန်ပို့ဘို့ လေဆိပ်ကို ခေါ်လာတဲ့အခါ မျက်ရည်ကျတာတွေကို မြင်ယောင်နေ တယ်။
ငြိမ်းချမ်းရေး ဘက်တော်သားတွေက ပန်းစည်းများနဲ့ လာစောင့်ကြပေမယ်လို့၊ မင်္ဂလာဒုံ လေဆိပ်မှာ ရန်ကုန်ရဲအဖွဲ့ဝင်တွေက စီကလပ် အကျဉ်းသားတွေ ရုံးထုတ်တဲ့ ထောင်အချုပ်ကားအစုတ် ကြီးနဲ့ ကိုယ့်ကို လာကြိုနေကြတယ်။ ကားက အချုပ်ကား၊ အဟောင်းကြီးလဲဖြစ်၊ စုတ်လဲစုတ်တယ်။ ကိုယ့် မျက်စိထဲမှာဖြင့် တို့မန္တလေးက အသုဘကားအစုတ်မျိုး ခတ်ဆန်ဆန်ဘဲ။ ဒါကြောင့် ကိုယ်က ဒီကားနဲ့တော့ မလိုက်ဘူးလို့ ပြောရတယ်။ ဒီတော့ ရန်ကုန်ရဲအဖြစ်နဲ့ နှစ်ပေါင်းတော်တော်ကြာကြာ အမှုထမ်းဘူးတဲ့ ကိုယ့်ကို တာဝန်ခံခေါ်ဆောင်လာတဲ့ မန္တလေးခရိုင်ရဲဝန်ကြီး ဦးဘဦးက လာကြိုတဲ့ ရဲအုပ်ကို အပြစ်တင်တယ်။ ၀ိုင်ယာလက်ကားတစီးလောက် ခေါ်ခဲ့စရာ ကောင်းတယ်လို့ ပြောတယ်။ ဒါနဲ့ ဦးဘဦးက တိုက်စီတစီးငှားပြီး ဘားလမ်းမြို့မအချုပ်ထောင်ကို ကိုယ့်ကို လိုက်ပို့တယ်။ ကိုယ်က ဘားလမ်းအချုပ်အကြောင်း ကြားဘူးထားတာနဲ့ ရန်ကုန်ထောင်ကို တိုက်ရိုက် ပို့ပေးနိုင်မလားလို့ ဦးဘဦးကို မေးပါရဲ့။ ဦးဘဦးက သူ့တာဝန်က ကိုယ့်ကို ရန်ကုန်ရဲကို အပ်ဘို့ ဖြစ်တယ်။ ရန်ကုန်ရဲကမှ တခြားတာဝန်တွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောပြပြီး၊ ဘားလမ်းမှာဘဲ ထားခဲ့ပါတယ်။ ဟုတ်မလား မပြောတတ်ပါ။ သူတို့ထုံးစံတွေ ကိုယ်လဲ နားမလည်ပါ။
၂၀- ရက်နေ့ ညတညတော့ ငရဲပြည် အလည်ရောက်တဲ့ ညပါဘဲ။ ဘားလမ်း မြို့မအချုပ်ဟာ ဒါကြောင့်လဲ နာမည်ကြီးတာပါဘဲ။ မှောင်လိုက်တာက ရစရာ မရှိဘူး။ ၂၄-နာရီ မီးထွန်းထားရတယ်။ လေကောင်းလေသန့်ဆိုတာက ဘလာနတ္ထိဘဲ။ နေရောင်ဆိုတာ ဖြူသလား မဲသလားသာ မေးကြပေ တော့။ ဆူသံညံသံတွေကလည်း စိတ်မချမ်းသာစရာဘဲ။ ရေချိုးဆင်းရဲတာကလဲ ပြောစရာမရှိဘူး။ အဲဒီ အချုပ်ခန်းထဲမှာ တချို့ တရားခံတွေဟာ ၆,လ တနှစ်ရှိနေကြပြီ။ တဦး၊ ၂ဦးဟာ ၁, နှစ်၊ ၂နှစ်ရှိနေပြီမို့ အသားအရေတွေဟာ သွေးရောင်သားရောင် မရှိတော့ဘူးတဲ့။ ကိုယ်နဲ့တော့ မတွေ့ရပါဘူး။ ကိုယ်နဲ့တခန်းထဲ အတူနေရတဲ့ ကျောင်းသားကလေးတယောက်က ပြောပြလို့ သိရတာဘဲ။ သူကလေးကိုက ဒီအခန်းကျဉ်းကလေးထဲမှာ ၂လ,၃လ, ရှိပြီဆိုလား? သူကလေးကတော့ အုတ်နံရံမှာ ကျောင်းသားတံဆိပ်တွေ ရေးဆွဲတယ်။ ကဗျာလင်္ကာတွေ ရေးခြစ်တယ်၊ ကာတွန်းတွေ ရေးတယ်။ နေ့စဉ် သူဒါတွေ လုပ်နေတာဘဲတဲ့။
တရားခံတွေ ဇွဲကြိုးချ သေတတ်လွန်းလို့တဲ့၊ ဘားလမ်းအချုပ်ခန်းမှာ ခြင်ထောင် ထောင်ခွင့် မပြုဘူး။ ခြင်ကလည်းကိုက်၊ ပိုးဟပ်ဖြူကြီးတွေကလည်း ပေါ၊ နှုတ်ခမ်းမွေးရှေရှေနဲ့ မြေကြွက်အိုကြီးတွေ ကလဲ ၀င်ဝင်လာတော့ အိပ်ပျော်သည်ရှိ၊ မပျော်သည်ရှိ ခြင်ထောင်နဲ့ အကာအကွယ်လုပ်ပြီး လှဲနေတာ အညောင်းသက်သာမယ် ဆိုပြီး ခြင်ထောင် ထောင်ခွင့်တောင်းရတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေက လာကြည့်ပြီး ကိုယ့်ကိုတော့ ခြင်ထောင် ထောင်ခွင့်ပြုပါတယ်။ ထောင်လို့ ရအောင်လဲ ကူညီကြတယ်။ အဲဒါကြောင့် နဲနဲတော်သေးတာပေါ့၊ မဟုတ်ယင် အသွေးတွေ အသားတွေ လှူရလို့ တော်တော်ကုသိုလ် ရလိုက်ဦးမှာ။ ခြင်ထောင် ထောင်ရပေမယ်လို့ တညဥ့်လုံး အိပ်လို့ မပျော်ပါဘူး။ နဲနဲပါးပါးမှေးရ အညောင်းဆန့်ရတာလောက် ရှိတာပါဘဲ။ ညစ်လဲညစ်ပတ်၊ ဆူလဲဆူ၊ အိမ်သာနံ့ကလဲနံတော့ အိပ်လို့ ဘယ်ရနိုင်ပါ့မလဲ? ဒီဘားလမ်းအချုပ်မှာ အမျိုးသမီးတွေကိုလဲ ချုပ်ထားတယ်။ မကောင်းတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဘမ်းခံထားရတဲ့ အမျိုးသမီးကလေးတဦးကတော့ စိတ်ကနဲနဲ နောက်နေသတဲ့။ သူကဖြင့် တညလုံး သီချင်းဆိုနေတာဘဲ။ အသံကလဲ ကောင်းပါရဲ့၊ သီချင်းကလဲ ကောင်းပါရဲ့၊ ဒါပေတဲ့ ဘ၀ဆုံးရှုံးနေတဲ့ မိန်းကလေးရယ်လို့လဲသိ၊ စိတ်မကောင်းတဲ့ အရူးမ,ကလေးမှန်းလဲသိနေတော့ သူ့သီချင်းတွေဟာ ကိုယ်နေရတဲ့ ငရဲခန်းထဲမှာ သာသာယာယာ မဖြစ်လာဘူး၊ ငရဲပြည်က ငရဲပန်းပန်ပြီး တေးသီချင်းတွေကို ပူပူလောင်လောင် ဆိုနေတာလို့ဘဲ ထင်မိတယ်။ အမှန်ကတော့ ဟုတ်လဲဟုတ်ရှာ မှာပါဘဲ။ ရင်ထဲမှာ ပူလောင်နေရှာမှာပါဘဲ။
၂၁ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ ဘားလမ်းအချုပ်ကနေပြီး ပုလိပ်ရုံးကြီး ပထမအထပ်က တရားသူကြီး ဦးကျော်ဂေါင်ရဲ့ နံပါတ် ၈ ရုံးကို ရဲအမှုထမ်းများက လာခေါ်သွားတယ်။ ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရားသူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေးမောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။ တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြတောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံဦးကျော်မြင့်) တို့ဆိုတော့ အားနာစရာ ကောင်းပါတယ်။ အမှု ရန်ကုန်မပြောင်းဘို့ ကိစ္စမှာလဲ အစ်ကိုကြီးဦးကျော်မြင့်က ကိုအေးမောင်နဲ့အတူ တရားလွှတ်တော် (ဟိုက်ကုတ်) မှာ လိုက်ပေးခဲ့ပြီးပြီ၊ ပိုက်ဆံပေးလို့လဲ ယူမှာမဟုတ်ဘူး။
ကိုအေးမောင်ရဲ့ ဇွဲနဲ့ ၀ိရိယကို ကိုယ်သိတယ်။ စေတနာတော့ မင်းသိပြီးတဲ့ အတိုင်းဘဲ။ ဒါကြောင့် အမှုအတွက် အစ,စ စိတ်ချတော့၊ အကောင်းဆုံး ဖြစ်နိုင်တာ ဖြစ်မှာဘဲ။
တို့မိတ်ဆွေကြီး မစ္စတာဘိုစ့်တို့၊ ကိုမြစိန်တို့၊ မစ္စတာဗါးမားတို့နဲ့ မန္တလေးကမိတ်ဆွေ ရှေ့နေကြီးများကိုလဲ ဒီအကြောင်း ပြောပြလိုက်ပါ။
အဲဒီ ၂၁ ရက်နေ့က ၈ နံပါတ် တရားသူကြီးရုံးမှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြည့်ကြပ်သွား တာဘဲ။ ထုံးစံအတိုင်း လုပ်စရာတွေ လုပ်ပြီးသည်နောက် မွန်းလွဲ ၁ နာရီလောက်မှာ ရဲမှူးတယောက်နဲ့ ရဲအုပ်တယောက်က ရန်ကုန်ထောင်ကြီးကို လိုက်ပို့ပါတယ်။ ဒီအကြောင်းတွေတော့ သတင်းစာတွေ ထဲမှာ ဘတ်ရလို့ မင်းတို့ သိပြီးရောပေါ့။
ထောင်ရောက်တော့ တော်တော်စိတ်ချမ်းသာရပါတယ်။ အားလုံးကဘဲ ဂရုလဲစိုက်ပါတယ်၊ စားလို့ သောက်လို့လဲ ကောင်းပါတယ်။ အသိမိတ်ဆွေတွေလဲ အများကြီးဘဲ၊ ဘက်တမင်တန်လဲ ရိုက်ရပါတယ်။
ကလေးတွေ နေကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
နောက်မှ စာရေးဦးမယ်။
မောင်လှ

စာအမှတ်-(၁၇)
ဗဟိုစံပြအကျဉ်းထောင်ကြီး
ရန်ကုန်
၁၃၁၇-ခု တော်သလင်းလ္ဆန်း ၇ ရက်
၂၃-၉-၅၅
မွန်စီယာ နှင့် မဒမ် တို့-
မင်းတို့ အစ်ကို- ကိုတင်မောင် ထောင်ဝင်စာလာတဲ့နေ့က မောင်စိုးဝင်းနဲ့ မောင်ချစ်ခင်တို့ ပြင်သစ်စာသင်နေကြောင်း၊ တော်တော်တတ်ပြီဖြစ်ကြောင်း၊ ဘတ်စာအုပ်အချို့ မှာလို့ဝယ်ပို့လိုက်ရ ကြောင်း၊ ‘ဖါသာ’ ဘုန်းတော်ကြီးတပါးက သင်ပေးနေကြောင်းများ ပြောပြသွားပါတယ်။ ဖေဖေ့အတွက် ဒီသတင်းဟာ သတင်းကောင်းတခု ဖြစ်ပါတယ်။ ၀မ်းသာနေပါတယ်။ ဒါကြောင့် မင်းတို့ ညီအစ်ကို ၃ ယောက်ကို ဖေဖေက မွန်စီယာ၊ ညီအစ်မနှစ်ယောက်ကို မဒမ်လို့ ခေါ်လိုက်ပါတယ်။
ပြင်သစ်စာဟာ ကမ္ဘာမှာ အလှပဆုံးစာလို့ ဆိုလေ့ပြောလေ့ ရှိကြတယ်။ ဖေဖေတို့ တိုင်းပြည်မှာ ဗမာထဲက ပြင်သစ်စာ တော်တော်တတ်တဲ့လူတွေ ဗမာရှင်ဘုရင် လက်ထက်ကတည်းက တော်တော် များများ ရှိကြတယ်။ ပြင်သစ်နဲ့ ဆက်သွယ်မှုက များခဲ့တာကိုး။ ပြင်သစ်ပြည်ကိုလည်း ပညာတော်သင် လွှတ်ခဲ့ကြတယ်။ မင်းတုန်းဘုရင်ကြီး လက်ထက်ကတည်းက ပြင်သစ်ပြည်ကို ပညာတော်သင်တွေ လွှတ်ခဲ့ပါတယ်။ ဂျပန်နဲ့ ဗမာဘုရင်တွေဟာ ပညာတော်သင် လွှတ်တဲ့နေရာမှာ တပြိုင်တည်းလိုဘဲ။ အနောက်နိုင်ငံတွေမှာ ပညာတော်သင် ကျောင်းသားချင်း တွေ့ကြတဲ့ မှတ်တမ်းတွေ ဘာတွေ ရှိတယ်။ ဒါပေမယ့် တို့ပြည်ကတော့ နယ်ချဲ့လက်လှမ်းနဲ့နီးလို့ ဘုရင်ပါ အဘမ်းခံရတော့ ဂျပန်ပြည်လို စက်မှုလက်မှု လောကဓာတ်ပညာ ကြီးပွါးတိုးတက်ဘို့ အခွင့်အရေး မရလိုက်ဘူး။ တို့ ဗြိတိသျှကျွန်ဖြစ် နေခိုက်မှာ ဂျပန်ဟာ ကြီးပွါးတိုးတက်ခဲ့တာပဲ။ စက်မှုတွေ ထွန်းကားပြီး အနောက်နယ်ချဲ့သမားတွေကို အန်တုနိုင်ခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း အနောက်နယ်ချဲ့သမားတွေနဲ့ ယှဉ်ပြိုင်ပြီး နယ်ချဲ့နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ဒီနယ်ချဲ့ဝါဒ လက်ကိုင်ထားလို့လဲ ကနေ့ သူတို့ကိုယ်တိုင် အမေရိကန်ကိုလိုနီတပိုင်း ဖြစ်နေရတယ်။ နယ်ချဲ့ကျွဲချင်းခတ်ကြတာနဲ့ တို့တိုင်းပြည်လဲ စစ်မြေပြင် နှစ်ခါ ဖြစ်ပြီး ပြာပုံအတိ ဖြစ်ရတာဘဲ။
ပြင်သစ်အကြောင်း ပြောနေရာက ဘယ့်နှယ် ဂျပန်အကြောင်း ရောက်သွားပါလိမ့်။
ဗမာလူကြီးထဲက ပြင်သစ်စာ အတတ်ဆုံးတယောက်ကတော့ ဒေါက်တာဘမော် ဖြစ်လိမ့်မယ်။ သူ ဒေါက်တာဘွဲ့ ရတာကိုက ပြင်သစ်ကကိုးကွဲ့။ ဗုဒ္ဓဘာသာအဘိဓမ္မာအကြောင်း စူးစမ်းချက်တရပ်ကို ရေးပြီး တင်ပြလို့ ရတာတဲ့။ အဓိပတိအဖြစ်နဲ့ ဂျပန်ပြည်ကို သွားတုန်းက ဆိုရင်လဲ အင်္ဂလိပ် အမေရိကန် က ဂျပန်ရဲ့ အဓိကရန်သူမို့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို အဓိပတိကြီးက ဂျပန်ပြည်မှာ မသုံးဘူး။ ပြင်သစ်လို မိန့်ခွန်းပြောတယ်။ ပြင်သစ်စကားကို ဆက်သွယ်ရေး စကားအဖြစ်နဲ့ အသုံးပြုတယ်။ စကားပြောကလဲကောင်း၊ ဟန်ပန်အမူအရာကလဲ မင်းသားကြီး ရှုံးတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဂျပန်တွေက သူတို့ တင်ထားတဲ့ အဓိပတိကို အင်မတန်သဘောကျ ဆိုဘဲ။ ဂျပန်စကားလဲ မတတ်တော့ အင်္ဂလိပ်စကားနဲ့ ပြောတာထက်တော့ ပြင်သစ်လိုပြောတာက နိုင်ငံရေးပရိယယ်ရေးရာမှာ ပိုအဆင် ပြေသပေါ့ကွယ်။ အဲဒီတုန်းက ဂျပန်ကလဲ ဆန်စားတယ်၊ ဗမာကလဲ ဆန်စားတယ်။ ဒါကြောင့် အတူတူဘဲလို့ ဆွေမျိုး စပ်ကြပြီး ဂျုံစားတဲ့ အင်္ဂလိပ် အမေရိကန်တွေကို ဆန်စားတဲ့ လူတွေက အပြုတ်တိုက်မယ် လို့များတောင် ဂျပန်တွေက ၀ါဒဖြန့်ကြသေးတယ်လေ။ ဂျပန်စစ်ဝါဒဖြန့်ပုံဟာ အဲဒီလို အယူအဆတွေ လဲ ပါတာဘဲ။
အခုနောက်ပိုင်းမှာ ပြင်သစ်စကားနဲ့ စာတတ်တဲ့လူတွေ တော်တော်များများ ထွက်လာကြပါပြီ။ ဒေါက်တာဂွမ်လျောင်၊ ကိုချစ်ကြည်၊ သံအမတ်ဦးဇော်ဝင်းရဲ့ သမီးလေးနဲ့ တချို ဗမာသစံရုံးက အရာရှိများနဲ့ ဗမာပြည်က ကျောက်ကုန်သည်များဘဲ။
မင်းတို့ ညီအစ်ကို ပြင်သစ်စာနဲ့ စကား အခြေခံတော်တော် ရပြီဆိုရင် နောက် ၂ နှစ် ၃ နှစ်မှာ တော်တော်နေရာကျလိမ့်မယ်။ ပြင်သစ်စာသင်စေချင် တတ်စေချင် တာကတော့ ကမ္ဘာ့စာပေနဲ့ ဗဟု သုတအရပ်ရပ်ကို နှံ့စေချင်တာရယ်၊ လောကဓါတ် ပညာ အဘိဓမ္မာပညာရပ်တွေကို လေ့လာနိုင်ဘို့ အတွက်ရယ်ပါဘဲ။ ပြင်သစ်ပြည်ကို ပညာတော်သင်သွားခွင့် ရဘို့တော့ တယ်မလိုလားလှဘူး။ ပြင်သစ်ပြည် အထူးအားဖြင့် ပါရီမြို့တော်ကြီးဟာ လူငယ်-လူရွယ်တွေရော၊ လူကြီးတွေပါ အလွန်ပျက်စီး လွယ်တဲ့ နေရာဖြစ်တယ်လို့ တကမ္ဘာလုံးမှာ မကောင်းတဲ့ ကျော်စောသတင်းကြီး ပျံ့နေတယ်။ လူတွေဟာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ ဆက်ဆံရေးကောင်းကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ သေရည်သေရက်၊ အာရုံငါးပါး၊ ကပွဲတွေနဲ့ အခြားပျက်စီးစရာတွေက အလွန်ပေါသတဲ့။ တချို့ တိုင်းပြည်က ဖွင့်ထားတဲ့ သံရုံးမှာလုပ်နေကြတဲ့ အရာရှိတွေတောင် ပျက်စီးကြလို့ တိုင်းပြည်တော်တော် များများက ပြင်သစ်ပြည်ဆိုင်ရာ သံရုံးတွေမှာ ဒီပြဿနာဟာ စဉ်းစားစရာတွေ ဖြစ်နေကြသတဲ့။ ကုန်ဈေးနှုန်းက ကြီးမြင့်တော့ သံအရာရှိတွေဟာ ရတဲ့ငွေနဲ့ မလောက်ကြဘူးတဲ့။ တချို့ကပြောတော့ ပါရီရဲ့ အတွေ့အကြုံနဲ့ ရှုကွက်မြင်ကွက်တွေကို ဘော်ပြထားတဲ့ စာအုပ်တအုပ်ထွက်ဘူးသတဲ့။ ပြင်သစ် လူမျိုး တချို့ကတော့ ဒီလူကြိုက်များတဲ့ ပျက်စီးလမ်းများနှင့် တခြားကြည့်စရာ ရှုစရာတွေဟာ သူတို့တိုင်းပြည်ကို နိုင်ငံခြားသားတွေ လာစေချင်တဲ့ အဆွဲဓာတ်တခုဘဲလို့ ယူဆကြသတဲ့။ နိုင်ငံခြားသားတွေ လာတော့ ပေါင်စတာလင်တို့၊ ဒေါ်လာတို့ဆိုတဲ့ တိုင်းပြည်မက်တဲ့ နိုင်ငံခြားအဘိုးတန် ငွေတွေ လွယ်လွယ်နဲ့ ရသတဲ့။ ခက်လဲခက်ပါဘိတော့တယ်။ ဒီဝါဒမျိုး တို့ဆီ မရောက်သေးတာ တော်သေးတော့တယ်။ တို့ဆီမရောက်သေးပေမဲ့ တို့နဲ့ အိမ်နီးနာချင်း ယိုးဒယားပြည်ကိုတော့ ရောက် နေပြီ။
ယိုးဒယားပြည်မှာ အနောက်နိုင်ငံတွေရဲ့ မကောင်းတဲ့ ယဉ်ကျေးမှုတွေ ၀င်နေပုံဟာ ကြောက် စရာဘဲ။ ၀တ်လစ်စလစ် အကတွေဟာ ဘုရားပွဲတွေမှာတောင် ရုံထိုးပြီး က,နေကြပြီတဲ့။ တချို့ရုံတွေဟာ ဘုန်းကြီးကျောင်းထဲမှာတဲ့၊ အဲဒီအထိ ဆိုးနေကြပြီလေ။ ဒါကြောင့် တနိုင်ငံနဲ့တနိုင်ငံ ယဉ်ကျေးမှုဖလှယ် ကြတဲ့အခါ ဒီလို ယဉ်ကျေးမှုမျိုးတွေပါ သိမ်းကျုံးယူငင် ဆွဲမသွင်းလာကြဘို့ အလွန်အရေးကြီးတာပေါ့ ကွယ်။ ယိုးဒယားပြည်ရဲ့မြို့တော် ဘန်ကောက်မြို့ဆိုတာ အရှေ့နိုင်ငံများရဲ့ ပါရီမြို့လို့ အခုတွင်နေပြီလေ။ ဒီလောက်အထိ ဂုဏ်သတင်း မြင့်နေပြီပေါ့။ ခေတ်ဟောင်း အခါတုန်းကတော့ ဒီဘွဲ့ထူးကို တရုတ်ပြည်မှာ အကြီးဆုံးဖြစ်တဲ့ ရှံဟဲမြို့က ယူတယ်။ အခုတော့ ရှံဟဲမြို့မှာ ပြည့်တန်ဆာနဲ့ ၀တ်လစ် စလစ်အကဆိုရင် ဆေးဖော်ချင်လို့တောင် စုလို့ရမယ် မထင်တော့ဘူး။ ခေတ်ကြီးက အဓမ္မပြောင်းသွား ပြီ။
တို့အရှေ့ဘက် အာရှတိုက်မှ အဆိုးဝါးဆုံး တနေရာကတော့ ဂျပန်ပြည်ဘဲ။ မူလကတည်းက ပြည့်တန်ဆာလုပ်ငန်းဟာ ဥပဒေ၀င် ဖြစ်တဲ့အပြင် အခု စီးပွါးရေးကြပ်တည်းပြီး နိုင်ငံခြားသား စစ်တပ်တွေ ရှိနေတော့ မရှုမလှ ဒုက္ခတွေ့နေကြတာပေါ့။ ဂျပန်ပြည်မှာ အမေရိကန် လေတပ်စခန်း တွေက အခုထိ ချဲ့နေတုန်းဘဲ။ လယ်သမားတွေက ကန့်ကွက်ကြပေမဲ့ သူတို့ လယ်တွေမှာဘဲ လေယဉ်ကွင်းတွေ ချဲ့နေကြတာဘဲ။ ဆန္ဒပြကန့်ကွက်လို့ ပုလိပ်က နှိမ်တာနဲ့ သေကြကြေကြ ဒဏ်ရာ ရကြပေါ့ ကွယ်။ (၁) မြေနည်းရတဲ့အထဲ လယ်မြေတွေကို စစ်အခြေခံစခန်း` လေယဉ်ကွင်းတွေ လုပ်တဲ့အတွက် (၂) လေယဉ်ပျံ တ၀ီဝီနဲ့မို့ ကလေးတွေ စာသင်ပျက်လှတဲ့အတွက် (၃) အရက်မူးပြီး စစ်သားတွေက ရွာတွေ ၀င်ရမ်းတဲ့အတွက် (၄) လေယဉ်ပျံကွင်းနဲ့နီးတဲ့ ရွာတွေက မိန်းကလေးတွေ ပျက်စီးရလွန်းတဲ့ အတွက် ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်သတဲ့။ တိုကျိုလို မြို့ကြီးတွေမှာ ပြည့်တန်ဆာအဖြစ်နဲ့ ငွေရှာရတဲ့ မိန်းကလေးတွေကို မဆိုထားနဲ့ အမေရိကန်လေယဉ်ပျံကွင်းနဲ့ စစ်စခန်းကြီးတွေ နားမှာ ရှိကြတဲ့ ရွာကလေးတွေမှာ ပျက်စီးရတဲ့ မိန်းကလေးတွေ အပေါ်မှာ၊ အမေရိကန် စစ်သား လေတပ်သားတွေက သုံးရတဲ့ ငွေကဘဲ တနှစ်ဆိုယင် ဒေါ်လာတသန်းရှိမယ်လို့ ခန့်မှန်းရသတဲ့။ အင်း… ကျေးဇူးတင်စရာ ပေါ့ကွယ်။ နိုင်ငံခြားငွေ ဒေါ်လာတွေ ပေးပေသကိုး၊ ဒုက္ခ…….. ဒုက္ခ……။
ဖေဖေ့စာက နည်းနည်း သဝေထိုးနေပြီလား? အတိုချုပ်ကတော့ ငါ့သားတို့ ပြင်သစ်စာ သင်တာကို ဖေဖေ သဘောကျတယ်။ ဒါပေမဲ့ ကိုယိ့သားသမီး ရွှေတုံးရွှေခဲတွေမို့ မိဘတိုင်းက ပျက်စီးမှာတော့ စိုးတာချည်းပဲ။
ရာဇ၀င်မှာ ပျက်စီးဘူးတဲ့ သာဓကလဲ ရှိတယ်။ ကင်းဝန်မင်းကြီး ပြင်သစ်သွား ဒိုင်ယာရီဆိုတဲ့ စာအုပ်အထူ အဟောင်းကြီး တအုပ် ဖေဖေ့ စာအုပ်ဘီရိုတခုထဲမှာ ရှိလိမ့်မယ်။ ကင်းဝန်မင်းကြီးဟာ ပြင်သစ်ကို သွားတော့ အီတလီပြည်ကို အရင်ဝင်ရတယ်။ အီတလီမှာ လောကဓါတ်ပညာ လေ့လာနေ တဲ့ ဗမာကျောင်းသားတွေနဲ့လဲ တွေ့တယ်။ ဆုံးမစကား ပြောခဲ့တယ်။ ပါရီရောက်တော့ ဖေဖေတို့ ဗမာပြည်က မင်းတုန်းဘုရင်ကြီးရဲ့ ၀န်ကြီးအဖွဲ့က ရွေးချယ်ပြီး လွှတ်ထားတဲ့ မောင်တရုတ်ဖြူဆိုတဲ့ လူငယ်ဟာ ပညာကောင်းစွာ မကြိုးစားဘဲ အပျော်အပါးလိုက်နေတာကို တွေ့ရလို့ စိတ်မချမ်းမသာ ဖြစ်ရတဲ့အကြောင်း ရေးသားမှတ်တမ်းတင်ထားတယ် သားတို့ရဲ့။ ကဲ.. အဲဒီခေတ် ကတည်းက တို့ဗမာက ပြင်သစ်မှာ ဂျပိုးကျ ပျက်စီးဘူးတော့ မိဘဆိုတာ သားသမီး ငယ်ငယ်တွေ ပြင်သစ်မှာ ပညာသင်ဘို့ဆိုရင် ဘယ်စိတ်ချနိုင်ပါ့မလဲ?
ဒါနဲ့ ပြင်သစ်စာနဲ့ စကား, ပါကစ္စတန်ပြည်မှာ ခေတ်စားပုံနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၃ နှစ် လောက်တုန်းက နိုင်ငံခြား တိုင်းပြည်တပြည်မှာ ဖေဖေနဲ့ တွေ့ဆုံတဲ့ ပါကစ္စတန်နီ မိတ်ဆွေကြီး တယောက် ပြောပြတာကလေးကို နည်းနည်းပြောပြချင်တယ်။ အဲဒီပုဂ္ဂိုလ်က ကုန်သည်ကြီးလဲ ကုန်သည်ကြီးပါဘဲ။ ပါလီမန်အမတ်လဲ ဖြစ်တယ်။
သူတို့ တိုင်းပြည်မှာ ပိုက်ဆံကြွယ်ဝချမ်းသာတဲ့ လူတွေဟာ၊ သူတို့ သားသမီးတွေကို ပြင်သစ် စာ သင်စေကြသတဲ့။ အဲဒီ အထက်တန်းလွှာဆိုတဲ့ လူတွေဟာ ၀တ်ပုံစားပုံ နေပုံထိုင်ပုံကစပြီး အစစ အလွန် အနောက်နိုင်ငံ ဆန်သတဲ့။ အထူးအားဖြင့် ပြင်သစ်ကို တုသတဲ့။ သူတို့ကိုယ်တိုင်ကလဲ အိမ်မှာ လင်ရော မယားပါ ပြင်သစ်လိုပြောပြီး ပီတိ ဖြစ်နေကြတာဘဲတဲ့။ တို့ဗမာပြည်မှာ တချို့ ဗမာလင်မယား တွေ ဗမာစကားသပိတ်မှောက်ပြီး ဗမာလူမျိုးကို အထင်သေးကြတာမျိုး နေမှာပေါ့ကွယ်။ အင်္ဂလိပ်လို တွေးပြီး ဗမာလို ဘယ်လို ခေါ်ပါလိမ့်လို့ အင်္ဂလိပ်လို ” What you call in Burmese” လို့ ဆိုပြီး ဆက်စဉ်းစားကြရတဲ့ လူတွေလိုပေါ့ကွယ်။ ဒါမှ ဂုဏ်ရှိတဲ့ လူကြီးလူကောင်း အတန်းအစား ဖြစ်တာကိုး ကွဲ့။ တယောက်နဲ့တယောက်လဲ ‘ဒါလင်ရေ၊ ဒီးယားရေ’ နဲ့ ခေါ်ကြတာပေါ့။ ဖေဖေတို့ မိတ်ဆွေထဲကကို ဒီလို စုံတွဲတွေ အများကြီး ရှိတာဘဲ။ တနေ့တော့ အိမ်မှာ ပြင်သစ်စကားပြောပြီး ကိုယ့်ဖာသာ ဂုဏ်ရှိလှပြီလို့ ထင်နေကြတဲ့ ပါကစ္စတန်နီ ဇနီးမောင်နှံ ၂ ဦးဟာ ပြင်သစ်ပြည် ပါရီမြို့ကို သွားလည်ကြ သတဲ့။ ကိုယ့်မြို့ကိုယ့်ပြည်ကို ပြန်လာကြတဲ့အခါကျတော့ မိတ်ဆွေ သင်္ဂဟတွေက “ပါရီ ဘယ့်နှယ်လဲဗျို့- ပြင်သစ်ပြည် ဘယ်လိုနေသလဲဗျို့” လို့ မေးမြန်းစုံစမ်းကြသတဲ့။ ဒါကတော့ ထုံးစံအတိုင်း နိုင်ငံခြားက ပြန်လာတဲ့လူဆိုရင် ဒီလိုဘဲ မေးကြ နှုတ်ဆက်ကြတာဘဲ မဟုတ်လား? ပါကစ္စတန်နီ သူဌေးလင်မယားက “ဟာ- ပြင်သစ်ပြည်အကြောင်းတော့ မပြောပါနဲ့တော့ဗျ၊ လူတွေ အဆင့်အတန်းက သိတ်မြင့်တယ်၊ ပညာရေးဘက်က အလွန် အထက်တန်းကျပါတယ်။ ပါရီမှာ ကလေးတွေတောင် ပြင်သစ်စကား ပြောကြတယ်” လို့ ပြန်ပြောကြသတဲ့။
ပြင်သစ်ပြည်မှာ ပြင်သစ်လူမျိုး ကလေးတွေဟာ ပြင်သစ်စကားမပြောလို့ ဘာစကားပြောရ မှာလဲ? သူတို့ကတော့ ပြင်သစ်စကားကို အထင်ကြီးလွန်းတော့ မွှန်ပြီး အမှန်ကို မမြင်ဘူးပေါ့ကွယ်။
ပါကစ္စတန်ပြည် ကရာချိမြို့တော်မှာ သူဌေးအထက်တန်းစားဆိုတဲ့ လူတွေရဲ့ အမူအရာ အနေအထိုင်နဲ့ ဘ၀ကို ဖော်ပြတဲ့ အဖြစ်အပျက်ဘဲလို့ ပါကစ္စတန်နီမိတ်ဆွေင်္ကြးက ပြောပြတာဘဲ။ မင်းတို့လဲ ဒီလိုများ ဖြစ်ကုန်မှဖြင့် ဒုက္ခဘဲ။
သားတို့သမီးတို့ကျန်းမာကြပါစေ။
[ ၁၉၅၈ ခုနှစ်ထုတ်၊ လူထုဦးလှ၏ ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။]

ဇာတ်မင်းသားနဲ့ အလှူ့ဒကာ ရေးသူ- လူထုဦးလှ

(လူထုဦးလှ ရဲ့ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ။ တတိယတွဲ စာအုပ်မှ)

ပစ္စည်းအလွန်ချမ်းသာတဲ့ သူဌေးကြီး ဘကြီးဖြိုးမှာ မအေးသန်းဆိုတဲ့ အလွန်လှတဲ့ သမီးတယောက်ရှိတယ်။ ဘကြီးဖြိုးဟာ အသက် အရွယ်ကြီးလာတဲ့အခါ ပစ္စည်းချမ်းသာလွန်း လို့ နောင်ဘဝကူးကောင်းအောင် ရဟန်းသံဃာတော်တွေပင့်ပြီး အလှူကြီး (၇) ရက်ပေး တယ်။ လူပရိသတ်ကိုလည်း ထမင်းဟင်း၊ အဝတ်အထည်များ ကျွေးမွေးပေးကမ်း လှူဒါန်း တယ်။


အလှူပေးတဲ့ ရက်တွေမှာ ရွာသူရွာသားတွေ ကြည့်ရအောင် နာမည်ကြီးဇာတ် တဇာတ်ကို ငှားပြီးကစေတယ်။ ဇာတ်အဖွဲ့ဝင်တွေဟာ ညကပြီး နေ့အခါမှာ ဘကြီးဖြိုးအိမ် မှာပဲ စတဲချကြတယ်။ ဒီဇာတ်ဟာ ဒီရွာသူရွာသားတွေ သဘောကျတဲ့ ဇာတ်ပဲ။
ဒီလိုရက်ရှည်ရှည် ကပြတော့ အလှူ့ရှင် ဘကြီးဖြိုးသမီး မအေးသန်းနဲ့ ဇာတ်မင်းသားဟာ ချစ်ကြိုက်သွားကြတယ်။ အဲဒီ အကြောင်းကို ဘကြီးဖြိုးသိတော့ အလှူပွဲပြီးတဲ့ နောက်တနေ့မှာ လက်ထပ်ထိမ်းမြားပေးလိုက်ရတယ်။ ပေးစားပြီးတဲ့ နောက် ကာလအတော်ကြာတော့ ယောက္ခမနဲ့သမက်ဟာ အရောတဝင်မရှိဘဲ ခပ်တန်းတန်းနေကြ တယ်။
ဇာတ်ဆန်လွန်းနေတဲ့ မင်းသားဟာ ဘယ်နေရာ စကားပြောပြော ဇာတ်စကားတွေ ပါနေလို့ ဘကြီးဖြိုးက မျက်စိစပါးမွေးစူးပါရော။
ဥပမာ မအေးသန်းက မင်းသားကို ထမင်းစား ရအောင်လို့ခေါ်ရင် မင်းသားက “ကောင်းပြီ နှမတော် မောင်တော်အခုပဲ လိုက်ခဲ့မယ်” လို့ ပြန်ပြောတယ်။
တနေ့တော့ ဘကြီးဖြိုးက သူ့သမက်နဲ့ စကားစမ်းပြောကြည့်မယ်ဆိုပြီး “သားတို့ သမီးတို့ နေထိုင်စားသောက်လို့ ကောင်းကြရဲ့လား၊ ကျန်းကျန်းမာမာ ရှိကြရဲ့လား” လို့ မေး လိုက်တယ်။
အဲဒီအခါ မင်းသားက ရုတ်တရက် ဒူးထောက် လက်အုပ်ချီပြီး “မှန်လှပါ ဖခမည်းတော် ပို့သသော မေတ္တာကြောင့် ကျန်းခန့်သာလို့ မာတော်မူကြောင်းပါ ဘုရား” လို့ ပြောလိုက်တယ်။
ယောက္ခမဖြစ်တဲ့ ဘကြီးဖြိုးဟာ ဒီပြောသံ ကြားရတော့ ဒေါသထွက်လာလို့ “ဟေ့ကောင် စကားပြောရင် ရိုးရိုးတန်းတန်း ပြောစမ်း၊ ဒါမင်း ငါ့ကို ပြောင်တာလား” လို့မေးလိုက်တယ်။ မင်းသားက “မှန်လှပါ ငယ်ရွယ်သူ ကျွန်တော်မျိုးလို မလိမ်တမာ အမိုက်ကောင်ကို အပြစ်တော်မယူဘဲ အချစ်တော်ထားတော်မူပါဘုရား” လို့ နှာသံပါပါ ခပ်ချွဲချွဲကလေး ပြန်ပြောလိုက်တယ်။
အဲဒီအခါ ယောက္ခမကြီးလည်း အလွန်ဒေါသဖြစ်လို့ အပြင်ဘက်မှာထောင်ထားတဲ့ ဓားမကို ဆွဲပြီး ခုတ်မယ်လုပ်တာနဲ့ သမီးက ဖခင်ကို အတင်းဆွဲထားရတယ်။
ဒါပေမယ့် မင်းသားက အပြောဟန်အမူအရာ နဲ့ “မှန်လှပါ သားတော်မလိမ္မာတာကို ခွင့်လွှတ်ပြီး အသက်ချမ်းသာ ပေးတော်မူပါဘုရား”လို့ ပြောပြီး အိမ်ပေါ်က ဆင်းပြေးတော့ တယ်။

{မာယာ နိုဝင်ဘာလ၊ ၂၀၀၀ ခုနှစ်မှ ပြန်လည်ကူးယူဖော်ပြပါတယ်။}

ဆရာမင်းလူရဲ့  ၀တ္ထုတိုလေးပါ အမောပြေပေါ့ ..

ဝတ္ထုတွေ၊ ဆောင်းပါးတွေထဲမှာ လှထုံစိတ်အ၀င်စားဆုံး အကြောင်းအရာတစ်ခုပါလာသည်။ လူဝင်စားကိစ္စပင်ဖြစ်၏။ လူဝင်စားဆိုတာ တကယ်ရှိကြောင်း အထောက်အထားအကိုးအကားများဖြင့် ရေးသားထားသည်။ “လူဝင်စားလေး မောင်ဇော်မောင်” အကြောင်းဆိုလျှင် ဟိုဘ၀တုန်းက တင်ပါးကို
ငြောင့်ဆူးခဲ့ရာ ခုဘ၀မှာလည်း မွေးကတည်းက အနာရွတ်ကြီးပါလာတာကိုတင်ပါးလှန်ပြထားသော ဓါတ်ပုံနှင့်တကွ အတိအလင်း ဖော်ပြထားသည်။ ဒါကိုဖတ်ပြီးနောက် လှထုံလည်း လူဝင်စားရောဂါ တက်လေတော့သည်။ မောင်ကျော်လှကျောင်းကပြန်လာသောအခါ အနားကိုခေါ်ပြီး “ဘောင်းဘီ ချွတ်စမ်း”
“ဟာ… ဘာလုပ်မလို့လဲ အမေရ”
“စကားမရှည်နဲ့… ဟိုဘက်လှည့်” ဟုပြောပြီး ဘောင်းဘီကို ဆွဲချ၊ တင်ပါးကို စစ်ဆေးသည်။
“အင်း… ဟုတ်တော့ဟုတ်နေပြီ၊ ဒီမှာ အစင်းရာကြီးတွေ့တယ်၊ အရင်ဘ၀က နင်ဘာတွေဖြစ်ခဲ့သလဲ၊ ငါ့ကို မှန်မှန်ပြောစမ်း”
“ဘယ်က အရင်ဘ၀လဲ… သားမသိဘူး”
“မသိလို့ မရဘူး၊ ဒီမှာ အမှတ်ကြီး တစ်ခုလုံး ပါနေတာ”
“အဲဒါ အမှတ်မဟုတ်ပါဘူး၊ ကျောင်းမှာ စာမရလို့ ဆရာမရိုက်တဲ့ အရှိုးရာကြီးပါ အမေရာ”
မောင်ကျော်လှနှင့် မအောင်မြင်တော့ ကျော်ကွန့်ဘက်လှည့်လာသည်။
“ကိုကျော်ကွန့်… ရှင့်တင်ပါးလှန်ပြစမ်း”
“ဟင်… ဘာဖြစ်လို့လဲ”
“အို… ကြည့်ချင်လို့ပေါ့”
“ဟာ… ရှက်စရာကြီး”
“အမယ်… လင်မယားချင်းတောင် ရှက်နေရသေးတယ်၊ ကဲပါ… ပြစမ်းပါ”
ကျော်ကွန့်မှာ သူ့မိန်းမအကြောင်းသိသဖြင့် စကားရှည်မနေတော့ဘဲ ပြလိုက်ရသည်။ လှထုံက ကြည့်ပြီးနောက်
“အင်း… ဘာမှ မရှိဘူး”
“ဒါဆိုလည်း ပြီးတာပဲ”
ဟု ကျော်ကွန့်က ပြီးပြီးရော ပြောလိုက်သည်။ သို့ရာတွင် လှထုံက မပြီးသေးဘဲ
“ကျွန်မကိုလည်း ကြည့်ပေးအုံး”
“ဟာ… ဒါတော့ ငါမကြည့်ရဲ့ဘူး”
“ရှင်ဟာလေ… ယောက်ျားမဟုတ်တာကျနေတာပဲ၊ ဘယ်တော့မှ အားမကိုးရဘူး၊ ဒါကြောင့်ရှင်နဲ့ပေါင်းရတာ ၀မ်းရေစပ်တယ်လို့ ပြောတာ”
ကျော်ကွန့်လည်း ဇာတ်လမ်းမရှည်ချင်သဖြင့် ကြည့်ပါ့မယ်ဟု သဘောတူလိုက်ရသည်။
“ဘာတွေ့လဲဟင်”
ကျော်ကွန့်မှာ တကယ်တမ်းသေသေချာချာ မကြည့်သော်လည်း လှထုံကျေနပ်အောင်
“အညိုကွက် တစ်ခုတော့ တွေ့သလိုပဲ” ဟုပြောလိုက်သည်။
“ဟာ… ဟုတ်ပြီ ဟုတ်ပြီ်”
“ဘာဟုတ်တာလဲ”
“ကျွန်မက လူဝင်စားရှင့် သိရဲ့လား”
“လူဝင်စား… ဟုတ်လား”
“ဟုတ်တယ်… လူဝင်စားမှ တခြားလူမဟုတ်ဘူး၊ ကျွန်မအမေကိုယ်တိုင် ၀င်စားတာ”
“နင်… နင်က နင့်အမေ၀င်စားတာ”
“အစစ်ပဲ… ဒီမှာ ကျွန်မမျက်နှာကို သေသေချာချာ ကြည့်စမ်း၊ အမေနဲ့ မတူဘူးလား”
“သားအမိပဲဟာ… တူမှာပေါ့”
“ဒါတင်မကသေးဘူးလေ… အမေ့တင်ပါးမှာလည်း ကျွန်မလိုပဲ အမှတ်ပါတယ်၊ ကဲ…
ဒီလောက်တိုက်ဆိုင် နေတာ ဘာပြောချင်သေးလဲ”
“လှထုံရယ်… နဲနဲပါးပါးလည်း စဉ်းစားပါဦး၊ နင့်ကို မွေးတဲ့ အချိန်မှာ
နင့်အမေက သက်ရှိထင်ရှားကြီး ရှိနေသေးတာပဲဟာ… ဖြစ်နိုင်ပါ့မလား”
“ဒါဆို ကျွန်မက ဘယ်သူဝင်စားတာလဲ”
“ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ”
“လူဝင်စားဆိုတာ ရှိတယ် မဟုတ်လားဟင်”
“ကြားတော့ ကြားဖူးတာပဲ၊ ငါလည်း ကိုယ်တွေ့မဟုတ်တော့ မပြောတတ်ဘူး”
လှထုံကတွေပြီး စဉ်းစားနေသည်။ ကျော်ကွန့်မှာ ဘာများ လာဦးမလဲမသိဘူးဆိုပြီး တထိတ်ထိတ် စောင့်စားနေစဉ် လှထုံက…
“ကိုကျော်ကွန့်… တစ်ခါလောက် ရှင် လူဝင်စားလုပ်ကြည့်ပါလား”
“ဟေ…”
“ဟုတ်တယ်… ကျွန်မစဉ်းစားနေတာ ဒီတစ်ခါ ကျွန်မကိုယ်ဝန်ရှိလာတဲ့အခါ ရှင်
ကျွန်မ၀မ်းထဲ ၀င်စားပါလား ဟင်”
ကျော်ကွန့်မျက်လုံးပြူးသွားပြီး…
“ဟာ… ဘယ်ဖြစ်မလဲ” ဟုတ်ရုတ်တရက် ပြောမိ၏၊ လှထုံမျက်နှာ တင်းခနဲ ဖြစ်သွားပြီး
“ဘာလဲ… ရှင်က ကျွန်မဗိုက်ထဲ ၀င်ရမှာ ရွံလို့လား”
“ဟာ… မဟုတ်ဘူးလေ၊ ဟိုဥစ္စာ… ၀င်စားတယ်ဆိုတာက…”
“သိပါတယ်… သိပါတယ်… ရှင်တို့ ယောက်ျားတွေဟာ ဒီအတိုင်းချည်းပါပဲ၊
မရခင်မှာတော့ ဖျာလိပ်နတ်လို ခေါင်းပေါ်တင်၊ နောက်တော့ ကျောခင်းပြီးအိပ်တော့တာပဲ၊ ဟင်း… ဟိုတုန်းကတော့ ညီမဟာ (၁၀)ရက်လောက် ရေမချိုးဘဲနေရင်တောင် မွှေးနေမှာပါဆို၊ သကြားလုံးလေးသာဆိုရင်ငုံထားလိုက်ချင်တယ်ဆို…ခုတော့…ခုတော့…”
လှထုံသည် ငိုမဲ့မဲ့ ဖြစ်လာပြီ။ ကျော်ကွန့်ကလည်း လက်ဖက်ရည်ဆိုင်
သွားချင်လှပြီ။ လိပ်ပတ်လည်အောင် ရှင်းပြဖို့က တော်တော်အချိန်ယူရမည်။
ထို့ကြောင့်
“ကဲပါ…လှထုံရယ်၊ ကလေးရှိလာတော့လည်း ကြည့်လုပ်ကြတာပေါ့၊ နင့်ဆန္ဒအတိုင်း
ဖြစ်စေရမယ် ဟုတ်ပြီလား” ဟု ချော့မော့ပြောလိုက်ရသည်။

1 comment:

  1. ကောင်းတယ်။မျာများတင်ပေးပါရန်။

    ReplyDelete